တရုတ်နိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက်ရေရှည်တန်ဖိုးရှိသောရင်းနှီးမြှုပ်နှံမှုများ တွန်းအားပေးဆောင်ရွက်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူစာရင်းဝင်ကုမ္ပဏီများအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းများ ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ China Securities Regulatory Commission အပါအဝင် အစိုးရဌာနခြောက်ခုတို့မှ ပူးပေါင်းထုတ်ပြန်သည့် အဆိုပါစည်းမျဉ်းများတွင် စာရင်းဝင်ကုမ္ပဏီများ၌ နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ရန် ခွင့်ပြုထားကြောင်း၊ ယခင်စည်းမျဉ်းဟောင်းတွင် နိုင်ငံခြားမှ တရားဥပဒေအရအကျုံးဝင်သည့် ပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများကိုသာ ခွင့်ပြုထား ခြင်းမှ ပြန်လည်ပြင်ဆင်ထားခြင်းဖြစ်ကြောင်းသိရှိရပါသည်။
စည်းမျဉ်းအသစ်အရ စာရင်းဝင်ကုမ္ပဏီများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ အရင်းအနှီး လိုအပ်ချက်ကိုလည်း လျှော့ချထားကြောင်း၊ အရင်းအနှီး လိုအပ်ချက်မှာ စုစုပေါင်း အမှန်ပိုင်ဆိုင်မှု ပမာဏ အမေရိကန် ဒေါ်လာ သန်း ၅၀ ထက်မနည်း သို့မဟုတ် စုစုပေါင်း စီမံခန့်ခွဲထားသော အမှန်ပိုင်ဆိုင်မှုပမာဏ အမေရိကန်ဒေါ်လာသန်း ၃၀၀ ထက် မနည်းရှိရမည်ဖြစ်ကြောင်း၊ စည်းမျဉ်းအသစ်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တင်ဒါကမ်းလှမ်းချက်များ ရွေးချယ်နိုင်ရန်ထည့်သွင်းထားကြောင်း၊ ယခင်က ရွေးချယ်မှုတစ်ခုတည်းရှိပြီး ပုဂ္ဂလိကအခန်းကဏ္ဍနှင့် ရှယ်ယာလွှဲပြောင်းခြင်း သဘောတူညီချက်များ သာပါဝင်ကြောင်း သိရှိရပါသည်။
ပုဂ္ဂလိကအခန်းကဏ္ဍသို့မဟုတ် တင်ဒါကမ်းလှမ်းမှုများမှတစ်ဆင့် ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို စာရင်းဝင်မဟုတ်သော ပြည်ပကုမ္ပဏီများမှ အစုရှယ်ယာများကို Consideration shares များအဖြစ် အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။
စည်းမျဉ်းသစ်များတွင် အစုရှယ်ယာပိုင်ဆိုင်မှုအချိုးနှင့် lock-up ကာလဆိုင်ရာ လိုအပ်ချက်များ ဖြေလျှော့ပေးထားကြောင်း၊ အစုရှယ်ယာပိုင်ဆိုင်ခွင့် အချိုးအစားလိုအပ်ချက်ကို ပုဂ္ဂလိကကဏ္ဍမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ပယ်ဖျက်ထားပြီး တင်ဒါ ကမ်းလှမ်းမှုများနှင့် အစုရှယ်ယာလွှဲပြောင်းခြင်းသဘောတူညီချက်မှုများအတွက် အချိုးလိုအပ်ချက်များကို ယခင် ၁၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ လျှော့ချထားကြောင်းလည်း သိရှိရပါသည်။
စည်းမျဉ်းသစ်အရ ကာလလတ်နှင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုများကို အားပေးရန် lock-up ကာလ အစုရှယ်ယာဝယ်ယူမှုများကို ယခင် (၃)နှစ်ထက်မလျော့သင့်ကြောင်း သတ်မှတ်ထားခြင်းမှ ယခုအခါ (၁၂) လထက်မလျော့သင့်ကြောင်း သတ်မှတ်ထားသည်ဟု သိရှိရပါသည်။
အဆိုပါ ပြင်ဆင်ဆောင်ရွက်မှုများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကန့်သတ်ချက်များကို လျှော့ချရန်၊ နိုင်ငံ၏ ငွေကြေးဈေးကွက်တွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လမ်းကြောင်းများ ကျယ်ပြန့်လာစေရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ရေရှည်တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်ရေး တွန်းအားပေးရန်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
တရုတ်နိုင်ငံ၏ ငွေကြေးဈေးကွက်အတိုင်းအတာသည် နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၊ ပြုပြင်ပြောင်းလဲမှုများနှင့်အတူ မကြာမီနှစ်များအတွင်း ပိုမိုကျယ်ပြန့်လာခဲ့ပြီး စာရင်းဝင်ကုမ္ပဏီများ၌ အရည်အသွေးမြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ကြိုဆိုခြင်းဖြင့် နိုင်ငံ၏ စက်မှုလုပ်ငန်းမြှင့်တင်ရေးတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ အရင်းအနှီးဈေးကွက် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ပြန်လည်ပြင်ဆင်ထားသော စည်းမျဉ်းများကို ယခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သည့် ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးတွင် ချမှတ်ခဲ့သည့် ပြုပြင်ပြောင်းလဲရေးအစီအမံများနှင့်အညီဆောင်ရွက်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ကုန်စည်၊ ဝန်ဆောင်မှု၊ အရင်းအနှီးနှင့် အလုပ်သမားဈေးကွက်များ ပြင်ပကမ္ဘာသို့ စနစ်တကျချဲ့ထွင်နိုင်ရေး ဆောင်ရွက်ရန်နှင့် တရုတ်နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးတူ ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်ရန်တို့အတွက် ရည်ရွယ်ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသည် ၂၀၀၅ ခုနှစ်က စာရင်းဝင်ကုမ္ပဏီများတွင် ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် စည်းမျဉ်းများထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး ထိုအချိန်မှစ၍ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများသည် စာရင်းဝင်ကုမ္ပဏီ ၆၀၀ ကျော်တွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: http://en.people.cn/n3/2024/1102/c90000-20236861.html
စီးပွားရေးသံမှူး
ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ