China(Nanning)

လာအိုနိုင်ငံသည် တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်များ ပိုမိုတင်ပို့ရန်မျှော်လင့်

Last Updated:

လာအိုနိုင်ငံသည် ရေရှည်တည်တံ့သော လယ်ယာထွက်ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့် တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပို့ရန် လယ်သမားများနှင့် ထုတ်လုပ်သူများကို အားပေးတိုက်တွန်းလျက်ရှိကြောင်း သိရှိရပါသည်။

တရုတ်စားသုံးသူများအကြား အသီးအနှံဝယ်လိုအား မြင့်တက်လာမှုကြောင့် လာအိုနိုင်ငံ၌ ဒူးရင်းသီးစိုက်ရန် တရုတ်လုပ်ငန်းရှင်တချို့က စိတ်ဝင်စားလာကြောင်းနှင့် တရုတ်လူမျိုးများသည် ဒူးရင်းသီးကို အလွန်ကြိုက်နှစ်သက်သဖြင့် လာအိုနိုင်ငံအနေဖြင့် တရုတ်ဈေးကွက်မှ အကျိုး အမြတ် များစွာရနိုင်မည့် အခွင့်အရေးဖြစ်ကြောင်း လာအိုမြို့တော် ဗီယင်ကျန်းမြိုရှိ သစ်သီးရောင်းချသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လာအိုနိုင်ငံသည် သဘာဝသယံဇာတတွေပေါများပြီး စိုက်ပျိုးရန် သင့်တော်သည့်မြေများရှိ၍ တရုတ်နိုင်ငံအတွက် သီးနှံထောက်ပံ့ရန် အလားအလာရှိသော နိုင်ငံဖြစ်လာနိုင်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

The Lao National Chamber of Commerce and Industry (LNCCI) နှင့် တရုတ်စီးပွားရေးလုပ်ငန်းအဖွဲ့တစ်ဖွဲ့တို့သည် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် လာအိုဒူးရင်းသီးကဏ္ဍ၏ အလားအလာများကို ရှာဖွေဖော်ထုတ်ရန် မကြာသေးမီက အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ကြကြောင်း သိရှိရပါသည်။

အစည်းအဝေးတွင် LNCCI ၏ ဒုတိယဥက္ကဌ Bounleuth Luangpaseuth မှ လာအိုနိုင်ငံ၏ မြေသြဇာကောင်းသော စိုက်ပျိုးမြေတွင် ဒူးရင်းစိုက်ပျိုးမှု လျင်မြန်စွာ ကြီးထွားလာမှုကို အလေးပေးပြောကြားခဲ့ပြီး တရုတ်-လာအိုရထားလမ်းသည် အရေးကြီးသော လမ်းပန်းဆက်သွယ်ရေး တစ်ခုအဖြစ် မီးမောင်းထိုးပြခဲ့ကြောင်း သိရှိရပါသည်။

တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင်လည်း လာအိုစိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ Bounthieng Lattanavong က လာအိုနှင့် တရုတ်အစိုးရတို့သည် လာအိုထုတ်ကုန်များကို တရုတ်ဈေးကွက်သို့ ပို့ဆောင်နိုင်စေရန် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး အထူးသဖြင့် တရုတ်-လာအို ရထားလမ်းပိုင်းအတွက် များစွာရင်းနှီးမြှုပ်နှံထားသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စိုက်ပျိုးရေးထွက်ကုန်များထွက်ရှိမှု၊ ပြုပြင်ထုတ်လုပ်မှုနှင့် တင်ပို့မှုတို့ကို အားပေးမြှင့်တင်ရန်အတွက် သက်ဆိုင်ရာဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို အဆင့်မြှင့်တင်ရန် လာအိုအစိုးရက အလေးထားဆောင်ရွက်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်-လာအိုရထားလမ်းကြောင်းသည် ပို့ကုန်မြှင့်တင်ရာတွင် အရေးပါပြီး လယ်ယာထွက်ကုန်များ အထူးသဖြင့် လတ်ဆတ်သောထွက်ကုန်များ သယ်ယူပို့ဆောင်မှုအတွက် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း သိရှိရပါသည်။

လာအိုနိုင်ငံမှ တောင်သူများသည် ထုပ်ပိုးမှုနှင့် ထောက်ပံ့ပို့ဆောင်ရေး အပါအဝင် ၎င်းတို့ ထုတ်ကုန်များ၏ အရည်အသွေးကို ထိန်းချုပ်ရန် လိုအပ်ကြောင်း၊ တရုတ်နိုင်ငံသည် ကြီးမားသော စျေးကွက်တစ်ခုဖြစ်၍ ၎င်းတို့၏ထုတ်ကုန်များသည် တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် လိုအပ်သည့် အရည်အသွေးစံနှုန်းများနှင့် ကိုက်ညီပါက ဝင်ငွေအများကြီးရလိမ့်မည်ဟုယုံကြည်ကြောင်း လာအိုမြို့တော် ဗီယင်ကျန်းမှ ရောင်းချသူ Manichanh Bounheuang က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

လာအိုနိုင်ငံမှ ငှက်ပျောသီးတန်ချိန် (၃၉၀)ကို တရုတ်နိုင်ငံသို့ အအေးခန်းတွဲရထားဖြင့် ပို့ဆောင်ခဲ့ပြီး လာအိုမြို့တော် ဗီယင်ကျန်းမှ ကူမင်းမြို့သို့ ထွက်ခွာကာ ပေကျင်းမြို့၊ ပင်ဂူခရိုင်သို့ ဆက်လက် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊  ရထားသည် အောက်တိုဘာလ (၁၂)ရက်နေ့တွင် ဗီယင်ကျန်းမြို့မှ ထွက်ခွာခဲ့ပြီး အောက်တိုဘာလ (၂၀)ရက်နေ့တွင် ဘေဂျင်းမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

လာအိုနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁.၄)ဘီလီယံကျော် ရရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးနှင့် သစ်တောထွက်ပစ္စည်း ထုတ်လုပ်မှု တန်ဖိုးသည် ၂၀၂၃ ခုနှစ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု၏ (၂၁.၄)ရာခိုင်နှုန်းရှိကြောင်း သိရှိရပါ သည်။

လာအိုအစိုးရသည် ပြည်တွင်းဈေးကွက်၌ ကုန်ပစ္စည်းများ ပိုမိုရောင်းချနိုင်ရန်နှင့် လိုအပ်နေသော နိုင်ငံခြားငွေရရှိရန်နှင့် မြင့်မားသော နိုင်ငံခြားငွေလဲလှယ်နှုန်းကို လျှော့ချရန်အတွက် ပို့ကုန်တင်ပို့နိုင်ရေး ပိုမိုထုတ်လုပ်ရန် လယ်သမားများနှင့် ထုတ်လုပ်သူများအား တွန်းအားပေး လျက်ရှိကြောင်း သိရှိရပါသည်။

Source: en.people.cn/n3/2024/1101/c90000-20236678.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)