Phillippines

အမေရိကန်နိုင်ငံမှစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများဖိလစ်ပိုင်နိုင်ငံသို့တင်ပို့မှု စံချိန်တင်မြင့်တက်မည်ဟုခန့်မှန်း

Last Updated:

ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်နိုင်ငံမှစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများတင်ပို့သည့် ကုန်တင်သေတ္တာများ၂၀၂၃ ခုနှစ်အတွင်းပိုမိုဝင်ရောက်ခဲ့ပြီး၂၀၂၂ ခုနှစ်က သင်္ဘောတင်ပို့မှုစံချိန်ထက်မြင့်တက်ခဲ့ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းက အိမ်ထောင်စုများ၏အသုံးစရိတ်များ သုံးစွဲနိုင်မှုပိုမိုအားကောင်းလာသည့်နည်းတူ ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်း များပြားလာခြင်းကလည်း အမေရိကန်နိုင်ငံ၏စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများအား တင်ပို့နိုင်သည့်နည်းလမ်းတစ်ခုဖြစ်လာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဘီလီယံဒေါ်လာ ၃.၅၆ ထိ ရောက်ရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင်လည်း အမေရိကန်စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများအတွက် အခွင့်အရေး များပိုမိုရရှိခဲ့ပါကြောင်း US Department of Agriculture (USDA) ၏ အစီရင်ခံစာတွင် ရေးသား ဖော်ပြထားပါသည်။

ထို့ပြင်ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများနှင့်ဆက်စပ် ပစ္စည်းများတင်ပို့မှုအများဆုံးနိုင်ငံများအနက် (၈)နိုင်ငံမြောက် နေရာတွင် ရပ်တည်လျက်ရှိပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ ဂျီဒီပီသည်၂၀၂၃ ခုနှစ်တွင် ၆% ခန့်ထိရှိလာနိုင်ကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် အလယ်အလတ်နှင့်ဝင်ငွေမြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်ကြောင်း USDA မှ ခန့်မှန်းတွက်ချက်ထားပါသည်။ လေ့လာတွေ့ရှိချက်များအရ ဖိလစ်ပိုင်နိုင်ငံသည် ပြည်တွင်းပြည်ပစိန်ခေါ်မှုများနှင့် အခက်အခဲများရှိနေသည့်ကြားမှ စီးပွားရေးဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်နေကြောင်း မေခရိုစီးပွားရေးညွှန်း ကိန်းများအား ကြည့်ရှုခြင်းဖြင့် သိရှိနိုင်ပါကြောင်း ဖော်ပြထားပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ Food and Beverage Manufacturing Sector တစ်ခုတည်းပင် ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဘီလီယံဒေါ်လာ ၆၁.၃ ဖြင့် ၇% တိုးတက်လာနိုင်သည်ဟု ခန့်မှန်းထား ပြီး ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ က အဆင့်ထက် ကျော်လွန်နိုင်ပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း အစားအစာများ အွန်လိုင်းမှ မှာယူစားသောက်ခြင်းနှင့် စားသောက်ဆိုင်များတွင် စားသောက်ခြင်းများ ပိုမိုမြင့်တက်လာပြီးအိမ်တွင်ချက်ပြုတ်စားသောက်ခြင်းလျော့နည်းလာခြင်းကလည်း အချက်တစ်ချက် အနေဖြင့်ပါဝင်ပါသည်။

Food Service Sales သည် အမေရိကန်ဘီလီယံဒေါ်လာ ၁၄.၀၄ ဖြင့် ၁၀% ထိ မြင့်တက်နိုင်သည်ဟု ခန့်မှန်းပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ လျော့နည်းသွားခြင်းကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်လည်ပတ်လာခြင်းကြောင့် အပြင်တွင်စားသောက်မှုနှုန်းနှင့် အခမ်းအနားများလည်း ပိုမိုကျင်းပလာနိုင်ခြင်းတို့ကြောင့်လည်း ရောင်းအားများပြန်လည်မြင့်တက်နိုင်သည်ဟု ဖော်ပြပါရှိပါသည်။

 

 

 

 

Source: https://business.inquirer.net/439689/record-high-us-agri-exports-to-ph-

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines