Phillippines

ဆန်အရောင်းအဝယ်ပြုလုပ်နိုင်သည့် အခြားဈေးကွက်တစ်ခုအဖြစ် B2B ပလက်ဖောင်းအား ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ကုန်သွယ်/စက်မှုတို့မှ ပူးပေါင်းအကောင်အထည်ဖော်

Last Updated:

ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီးဌာနသည် တောင်သူများ၏ ဝင်ငွေမြင့်မားလာစေရန်နှင့် စိုက်ပျိုးရေးကဏ္ဍအား ခေတ်မီစေရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် ဆန်အရောင်းအဝယ်အား ဒီဂျစ်တယ်ပလက်ဖောင်းမှတစ်ဆင့် ပြုလုပ်နိုင်သည့် E-market အား အကောင် အထည်ဖော်ခဲ့ပါသည်။ ပြည်တွင်း ဆန်ရိက္ခာဖူလုံမှုရှိစေရန်နှင့် အခြားရွေးချယ်ပြီး အရောင်း/အဝယ် ပြုလုပ်နိုင်သည့် ဈေးကွက်တစ်ခုအနေဖြင့် E-market ဆောင်ရွက်ရန် ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီးဌာနသည် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဆည်မြောင်းစီမံခန့်ခွဲမှုဆိုင်ရာအာဏာပိုင်အဖွဲ့တို့နှင့် ၁-၂-၂၀၂၄ ရက်နေ့က နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာသည် စိုက်ပျိုးရေးဝန်ကြီးဌာန၏ Rice Supply Chain Development Program ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဆန်ရောင်းသူနှင့် ဝယ်သူများကြား အခြားဈေးကွက်တစ်ခုမှ ရောင်း/ဝယ် ပြုလုပ်သွားနိုင်သည့် B2B ဈေးကွက်တစ်ခုအား ဖန်တီးပေးသည့် အစီအစဉ်အသစ်တစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ အစီအစဉ်သည် စိုက်ပျိုးရေးကဏ္ဍအတွက် ခေတ်မီရေး မဟာဗျူဟာ “Modernization Strategy” တစ်ခုဖြစ်ပြီး ပြည်တွင်း စားနပ်ရိက္ခာဖူလုံစေရေးနှင့် စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းများတင်သွင်းမှုကို လျှော့ချနိုင်မည့် နည်းလမ်းတစ်ခုဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

အယ်နီညိုသက်ရောက်မှုနှင့် ကာလရှည် မိုးခေါင်ခြင်းတို့ကြောင့် ကောက်ပဲသီးနှံထွက်ရှိမှုနှုန်းများ သိသိသာသာ ကျဆင်းသွားနိုင်ကြောင်းကို သတိပေးခန့်မှန်းထားရှိခြင်းများလည်းရှိပါကြောင်း၊ ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ စပါးထွက်ရှိမှုမှာ မက်ထရစ်တန် ၂၀.၀၆ သန်းဖြင့် စပါးထုတ်လုပ်မှုတန်ချိန် မက်ထရစ်တန် ၁၃.၂ သန်းထိ စံချိန်တင်မြင့်တက်ခဲ့ပါကြောင်း၊ ထို့အတွက် ဆန်တင်သွင်းမှုမှာ ၂၀၂၂ ခုနှစ်တွင် မက်ထရစ် တန်ချိန် ၃.၈ သန်းမှ ၃.၅ သန်းထိ လျော့နည်းခဲ့ပါကြောင်း၊ ထို့ပြင်အကောက်ခွန်ဌာနမှ ဆန်တင်သွင်းမှုအပေါ်တွင် တန်ဖိုးလျှော့ တွက်ချက်မှုကြောင့်၂၀၂၃ ခုနှစ်၊ အစိုးရ၏အခွန်ရရှိငွေ ပီဆို ၇.၂ ဘီလီယံခန့် ဆုံးရှုံးခဲ့ကြောင်း ဆန်တောင်သူများမှ ထောက်ပြပြောကြားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်ကုန်သွယ်/စက်မှုဝန်ကြီးဌာနသည် အဆိုပါ အစီအစဉ်အား United States Agency for International Development နှင့် ပူးပေါင်းဆောင်ရွက်ခြင်း အဆိုပါ  B2B ပလက်ဖောင်းအား အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းမှာ တောင်သူလယ်သမားအုပ်စုများ၊ ဒေသဆိုင်ရာအာဏာ ပိုင်အဖွဲ့များ၊ အသင်းအဖွဲ့ဖြင့် ဝယ်ယူသူများကြား ပိုမိုထိရောက် ကောင်းမွန်သည့် အရောင်း/အဝယ်များ ပြုလုပ်သွားနိုင်ရန်ဖြစ်ကြောင်း၊ ဒီဂျစ်တယ်ဈေးကွက်အား အသုံးပြုခြင်းအားဖြင့် ကုန်သွယ်မှု ပိုမိုထိရောက် မြန်ဆန်ခြင်း၊ သယ်ယူပို့ဆောင်စရိတ်များ လျှော့ချပေးနိုင်ခြင်း၊ ပြည်တွင်းဈေးကွက်တွင်း ယှဉ်ပြိုင်နိုင်စွမ်းအား ကောင်းလာခြင်း၊ ဆန်အရည်အသွေး ပိုင်ဆိုင်ရာ ပိုမိုခွဲခြားလာနိုင်ခြင်း၊ ရောင်းချမည့် တောင်သူများနှင့် ဝယ်ယူစားသုံးသူများကြား အထူးသဖြင့် အသင်းအဖွဲ့ဖြင့် ဝယ်ယူမည့်သူများကြား အလွယ်တကူ ချိတ်ဆက်နိုင်မည့် နည်းလမ်းတစ်ခုဖြစ်လာပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

 

Source; https://business.inquirer.net/444133/e-market-for-rice-trade-in-the-works

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines