Germany

ဂျာမနီတွင် အလုပ်သမားများအကြား ခွဲခြားဆက်ဆံမှုများရှိသော်လည်း နိုင်ငံခြားသား အလုပ်သမားများအား ဆွဲဆောင်နေဆဲဖြစ်

Last Updated:

ဂျာမနီတွင် လာရောက်လုပ်ကိုင်နေကြသော နိုင်ငံခြားသား အလုပ်သမားများသည် မလာရောက်မီက မျှော်မှန်းထားသည်ထက် ခွဲခြားဆက်ဆံမှုများ ပိုမိုကြုံတွေ့ခဲ့ကြရသည်ဟု စစ်တမ်းတစ်ခုတွင် ဖော်ပြထားပါသည်။ သို့သော်လည်း ဂျာမနီသည် ကျွမ်းကျင်လုပ်သား အများအပြားကို ဆက်လက်ဆွဲဆောင်နေဆဲဖြစ်ပါသည်။

The Organisation for Economic Cooperation and Development (OECD) က ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုတွင်လည်း ပြည်ပမှ ကျွမ်းကျင်လုပ်သားများအတွက် ဂျာမနီသည် ဆွဲဆောင်မှုရှိသော နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြသနေဆဲဖြစ်ပါသည်။

သို့သော်လည်း ဂျာမနီတွင် နေထိုင်အလုပ်လုပ်ကိုင်နေကြသော နိုင်ငံခြားသားအလုပ်သမား အများအပြားသည် လူမျိုးရေးခွဲခြားမှုနှင့် ခွဲခြားဆက်ဆံမှုများကို ၎င်းတို့၏ နေ့စဉ်ဘဝတွင် ကြုံတွေ့နေကြရကြောင်း ဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ် ဩဂုတ်လမှ စတင်၍ ဂျာမနီနိုင်ငံအား အလုပ်အကိုင်ဆောင်ရွက်ရန် နေရာကောင်းတစ်ခုအဖြစ် စိတ်ဝင်စားမှုရှိခဲ့သည်ဟု ဆိုထားသော အရည် အချင်းပြည့်မီသည့် အလုပ်သမား လူဦးရေ (၃၀,၀၀၀) နီးပါးကို စစ်တမ်းကောက်ယူခဲ့ရာ ယင်းတို့အနက် ၅ ရာခိုင်နှုန်း ဝန်းကျင်ခန့်သာ တစ်နှစ်အကြာတွင် အမှန်တကယ် အလုပ်လာရောက်လုပ်ကိုင်ကြကြောင်း ဖော်ပြထားပါသည်။  လာရောက်အလုပ်လုပ်ကြသူများထဲမှ ထက်ဝက်ခန့်မှာ အိမ်များငှားရမ်းနေထိုင်ခြင်းနှင့် ဝယ်ယူနေထိုင်ခြင်းတို့တွင် ခွဲခြားဆက်ဆံခံရမှုများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုထားပါသည်။

တစ်ချိန်တည်းတွင် စစ်တမ်းဖြေဆိုထားသူများ၏ ၃၇ ရာခိုင်နှုန်းသည်လည်း စားသောက်ဆိုင်များသို့ သွားရောက်စားသောက်လည်ပတ်စဉ် (သို့မဟုတ်) ဈေးဆိုင်များ၌ ဈေးဝယ်စဉ်တို့တွင်  ခွဲခြားဆက်ဆံခံရမှုများ ကြုံတွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးရုံးများမှလွဲ၍ ကျောင်းများနှင့် အစိုးရအာဏာပိုင်များနှင့် ဆက်ဆံရာတွင်မူ ခွဲခြားခံရမှုနည်းပါးကြောင်းနှင့် လုပ်ငန်းခွင်များ၌မူ ခွဲခြားဆက်ဆံခံရမှုများ ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။

စစ်တမ်းဖြေဆိုသူများ၏ ၁၅ ရာခိုင်နှုန်းခန့်က ရဲများ၏ ခွဲခြားဆက်ဆံမှုကိုခံရကြောင်းနှင့် ၂၈ ရာခိုင်နှုန်းကမူ လုပ်ငန်းခွင်တွင် ရင်ဆိုင်ခဲ့ရကြောင်း ဆိုထားပါ သည်။

အလုပ်ပြောင်းရွှေ့လာရောက်လုပ်ကိုင်မှုတွင် အဆင်ပြေအောင်မြင်နေသူများ၏ အရေးကြီးဆုံးအချက်များမှာ ဂျာမန်အလုပ်ရှင်နှင့် စောစီးစွာ ဆက်သွယ်မှုရှိထားပြီး ဂျာမန်ဘာသာ စကားကျွမ်းကျင်မှုကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

ဂျာမနီသို့ ရောက်ရှိလာသူများ၏ထက်ဝက်ခန့်မှာ IT နယ်ပယ် (သို့မဟုတ်) အင်ဂျင်နီယာ ဘာသာရပ်တွင် ကျွမ်းကျင်သူများဖြစ်ပြီး၊ နောက်ထပ် ၁၀ ရာခိုင်နှုန်းမှာ ကျန်းမာရေးဝန်ထမ်းများဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားပါသည်။

ဂျာမနီသို့ လာရောက်အလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားနေဆဲဖြစ်ပြီး လတ်တလောတွင် လာရောက်ခြင်းမရှိကြသေးသည်မှာ လုပ်ဆောင်ဖွယ်ရာ လုပ်ငန်းစဉ်အဆင့်ဆင့် ရှုပ်ထွေးနေခြင်းနှင့် ဗီဇာအတွက် အချိန်ယူနေရခြင်းတို့ဖြစ်သကဲ့သို့ ခွဲခြားဆက်ဆံခံရမည်ကို ကြောက်ရွံ့နေသည့် အချက်တစ်ချက်လည်း ပါဝင်နိုင်ပါကြောင်း ဖော်ပြထားပါသည်။

 

 

Source:         https://www.dw.com/en/germany-tempts-foreign-workers-despite-discrimination/a-68134320

(ဒေါ်သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany