Thailand

ထိုင်းနိုင်ငံ၊ အယုဒ္ဓယရှိ ကွန်ဒိုဈေးကွက် ပြန်တက်လာသည့် အလားအလာ မြင်နေရ

Last Updated:

စက်မှုကဏ္ဍကြီးထွားလာမှုနှင့် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာခြင်းကြောင့် ထိုင်းနိုင်ငံ၊ အယုဒ္ဓယရှိ အိမ်ခြံမြေဈေးကွက်သည် ယမန်နှစ် ဒုတိယနှစ်ဝက်အတွင်း ထိုင်းဘတ်ငွေ ၁ သန်းမှ ၁.၅ သန်း တန်ဖိုးရှိ ကွန်ဒိုများ၏ ဈေးကွက် ပြန်လည်ကောင်းမွန်လာစေခဲ့ပါသည်။ Ayutthaya City Park Shopping Complex ၏ စျေးကွက်ရှာဖွေရေးအရာရှိ Somphon Rattchathapimolchai က စက်မှုနှင့် ခရီးသွားကဏ္ဍများသည် ပြည်နယ်၏ စီးပွားရေး အတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အယုဒ္ဓယတွင် စက်မှုကဏ္ဍများ တိုးတက်လာသည်နှင့်အမျှ စက်မှုဇုန်များ အနီးရှိနေရာများတွင် လုံးချင်းအိမ်များနှင့် နှစ်ထပ်အိမ်များပါရှိသည့် အိမ်ရာ၀ယ်လိုအား တိုးမြင့်လာပါကြောင်း၊ စက်မှုဇုန်များ အနီးရှိနေရာများတွင် ကွန်ဒိုစီမံကိန်းများအတွက် ရယူထားမှုနှုန်းသည် ၈၀-၉၀ ရာခိုင်နှုန်းကြားရှိပြီး ကွန်ဒိုများနှင့် တိုက်ခန်းများ၏ ငှားရမ်းခနှုန်းမှာ လစဉ် ဘတ်ငွေ ၈,၀၀၀ မှ ၁၃,၀၀၀ အတွင်း ရှိပါကြောင်း Mr Somphon မှ ပြောကြားခဲ့ပါသည်။

အယုဒ္ဓယသည် ၂၀၂၀ ခုနှစ်တွင် ဘတ်ငွေ ၄၃၆ ဘီလီယံဖြင့် ပြည်နယ်စုစုပေါင်းထုတ်ကုန်တွင် စတုတ္ထအဆင့်ရှိပါကြောင်း အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

UNESCO World Heritage City တွင် စက်ရုံပေါင်း ၆,၅၀၀ ကျော်နှင့် လုပ်သား ၄၉၇,၉၈၄  ကျော်ဖြင့် လည်ပတ်နေသော စက်မှုဇုန် ၅ ခု ရှိပြီး တိုးပွားလာသော လူဦးရေနှင့် အသုံးစရိတ်များကို အထောက်အကူဖြစ်စေပါကြောင်း၊ ယင်းအချက်များသည် အထပ်နိမ့်အိမ်များ၊ ကွန်ဒိုများ၊ ဈေးဆိုင်ခန်းများ၊ ဈေးဝယ်စင်တာများနှင့် ဟိုတယ်များကဲ့သို့သော ကဏ္ဍအသီးသီးတွင် ပိုင်ဆိုင်မှုဆိုင်ရာ  ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လျက်ရှိပါကြောင်း၊ ကပ်ရောဂါ ပြီးနောက် နိုင်ငံခြားသားခရီးသွားများ ပြန်လည်ဝင်ရောက်လာကြပြီး ဒေသတွင်းနေထိုင်သူများ၏ ဝင်ငွေကို တိုးမြင့်လာစေပါကြောင်း အယုဒ္ဓယခရီးသွားလုပ်ငန်း ကောင်စီ၏  ဒုတိယဥက္ကဋ္ဌဖြစ်သူ  Mr Somphon က ဆိုပါသည်။

အယုဒ္ဓယတွင် ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်၌ အိမ်ရာရောင်းချမှုအသစ် ၂၇၉ လုံး တိုးလာခဲ့ပြီး ယခင်နှစ်အောက် ၇၈ရာခိုင်နှုန်း ကျဆင်းသွားကြောင်း အိမ်ခြံမြေသတင်းအချက်အလက် ဌာန (REIC) က ထုတ်ပြန်ထားပါသည်။ REIC ၏ ခေတ္တညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Vichai Viratkapan က ရောင်းချမည့် အိမ်ရာအသစ်အများစုမှာ ကွန်ဒိုများဖြစ်ပြီး ၂၃၇ လုံးကို ဘန်ကောက် အခြေစိုက် developer များမှ တည်ဆောက်ခြင်းဖြစ်ကြောင်း၊  အကြမ်းဖျင်းအားဖြင့် ၂၀၀ ယူနစ် (၈၆ ရာခိုင်နှုန်း) မှာ ဘတ် ၁ သန်းမှ ၁.၅ သန်း အတွင်းဖြစ်ပါကြောင်း၊ ကျန်သော ယူနစ်များမှာ ဘတ် ၁.၅၁ သန်းမှ ဘတ် ၂ သန်းထိ တန်ဖိုးရှိပါကြောင်း  ပြောကြားခဲ့သည်။

ယခုကာလအတွင်း ကွန်ဒိုအသစ်ရောင်းချမှုအားလုံးသည် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရ ရေးဆွဲထားသည့် Bang Pa-in စက်မှုဇုန်အနီးတွင် တည်ရှိ ပါကြောင်း၊ ဤအိမ်ရာသည် ကပ်ရောဂါကာလအတွင်း တိုးတက်လာသော စက်မှုကဏ္ဍကို အထောက်အပံ့ပေးပါကြောင်း Mr. Vichai က ဆက်လက်ပြောကြားပါသည်။

၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ဘတ် ၅၅ သန်းတန်ဖိုးရှိသော ကွန်ဒိုအခန်း ၂၄ လုံးမှ  ဒုတိယနှစ်ဝက်တွင် ဘတ် ၂၉၂ သန်းတန်ဖိုးရှိသော ကွန်ဒို ၁၈၃ လုံးအထိ မြင့်တက်လာခဲ့ပြီး အိမ်ရာများ၏ ၈၄ ရာခိုင်နှုန်းသည် Bang Pa-in စက်မှုဇုန်အနီးနှင့် ၁၆ရာခိုင်နှုန်း သည် Rojana စက်မှု ဥယျာဉ်အနီးတွင် တည်ရှိပါသည်။

ကွန်ဒိုများအတွက်  ရယူထားမှုနှုန်းသည် တစ်လလျှင် ၅.၇ရာခိုင်နှုန်း ဖြစ်ပြီး အိမ်ရာအမျိုးအစားအားလုံးတွင် အမြင့်ဆုံးဖြစ်ပါကြောင်း၊ ၂၀၂၂  ခုနှစ် ပထမနှစ်ဝက်တွင် ၁.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဒုတိယ နှစ်ဝက်တွင် ၆.၆ရာခိုင်နှုန်းမှ အနည်းငယ် ကျဆင်းသွားပါကြောင်း REIC မှ ထုတ်ပြန်ထားပါသည်။

 ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်တွင် အထပ်နိမ့်အိမ်ရာသစ် ၄၂ လုံးကို စတင်ရောင်းချခဲ့ပြီး ပထမနှစ်ဝက်တွင် ၁,၅၂၆ ယူနစ်ဖြင့် လေးနှစ်ကျော်အတွင်း အကြီးမားဆုံး ပမာဏကို မှတ်တမ်းတင်နိုင်ခဲ့ပါကြောင်း၊ လူကြိုက်များသော အထပ်နိမ့်အိမ်ရာများသည် ဘတ်ငွေ ၂ သန်းမှ ၅ သန်း ကြား ပေါက်ဈေးရှိပြီး Rojana စက်မှုဥယျာဉ်အနီးနှင့် ဘတ် ၃ သန်းအောက်နည်းသော ပေါက်ဈေးရှိသည့်  အိမ်ရာများသည် Bang Pa-in စက်မှုဇုန် အနီးတို့တွင် ဖြစ်ပါကြောင်း REIC မှ ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

ကွန်ဒိုနှင့် လုံးချင်းအိမ်များ ရောင်းအားကောင်းသော်လည်း မရောင်းရသေးသော အလုံးရေအများအပြားရှိနေပြီး အထူးသဖြင့် ပြီးစီးပြီဖြစ်၍ လွှဲပြောင်းပေးရန် အဆင်သင့်ဖြစ်နေသော အိမ်ရာအရေအတွက် အများအပြားရှိနေ သောကြောင့် စိတ်ပူပန်မိကြောင်း၊ တည်ဆောက်နေဆဲ အိမ်ရာယူနစ်များ မပါဝင်သေးပါကြောင်း Mr. Vichai က ပြောကြားခဲ့ပါသည်။

ယခင်နှစ်တွင် ဘတ် ၂၁.၂ ဘီလီယံတန်ဖိုးရှိ အထပ်နိမ့်အိမ် ၆၃၈၃ လုံးနှင့် ဘတ် ၇၅၁ သန်းတန်ဖိုးရှိ ကွန်ဒိုအခန်း ၃၅၂ လုံး အရောင်းမထွက်ခဲ့ပေ။ အဆိုပါ အထပ်နိမ့်အိမ် ၆၅၈ လုံးနှင့် ကွန်ဒိုအခန်း ၁၄၃ လုံးကို လွှဲပြောင်းပေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါသည်။

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: www.Bangkok.com

Category: Thailand