USA

ယူကရိန်း စစ်ပွဲတစ်နှစ်အကြာ ကမ္ဘာ့ကုန်သွယ်မှုပြန်လည်နာလန်ထူလာကြောင်း WTO ထုတ်ပြန်ချက်တွင်ဖော်ပြ

Last Updated:

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင်ထုတ်ပြန်သည့် အချက်အလက်များအရ ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့ကုန်သွယ်ရေးကို ဆိုးရွားစွာထိခိုက်ခဲ့ပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်အတွင်း ကုန်သွယ်မှုကျဆင်းမည်ဖြစ်ကြောင်းခန့်မှန်းခဲ့သော်လည်း အခြားကုန်သွယ်ရေး အရင်းအမြစ်များကြောင့် ကမ္ဘာ့ကုန်သွယ်ရေးမှာ ပြန်လည်နာလန်ထူလာကြောင်း ဖော်ပြထားပါသည်။ WTO ၏ လေ့လာမှုများအရ ရေရှည်တွင် နိုင်ငံပေါင်းစုံကုန်သွယ်ရေးစနစ်ကို အားကောင်းအောင်‌ဆောင်ရွက်ရန် အရေးကြီးပြီး နိုင်ငံ တကာပူးပေါင်းဆောင်ရွက်မှု ဆိုင်းငံ့ပါက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှာ ထိခိုက်မှုအများဆုံး ဖြစ်နိုင်ကြောင်းသုံးသပ်ထားပါသည်။

“ယူကရိန်းစစ်ပွဲတစ်နှစ်ပြည့်-ကမ္ဘာ့ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုကိုဆန်းစစ်ခြင်း” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက်တွင် ၂၀၂၂ ခုနှစ်၏ ကုန်သွယ်မှုတိုးတက်မှုမှာ WTO ခန့်မှန်းချက်ထက် ဧပြီလတွင် ၃ ရာခိုင်နှုန်းကျော်လွန်ခဲ့ပြီး ဤခန့်မှန်းချက်မှာ အဆိုပါနှစ်အတွက် ကုန်သွယ်မှုကျဆင်းမည်ဖြစ်ကြောင်း ခန့်မှန်းချက်ထက်များစွာကျော်လွန်ခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေး တည်ငြိမ်မှုရှိလာကြောင်းကို ကမ္ဘာလုံးဆိုင်ရာကုန်ထုတ်လုပ်မှုကွင်းဆက်များတွင် မြင်တွေ့နိုင်ပြီး ၂၀၂၂ ခုနှစ် ဒုတိယ ၃ လပတ်အတွင်း တပိုင်းတစကုန်ချောပစ္စည်းများ (Intermediate goods)၏ တစ်နှစ်စာ ကုန်သွယ်မှုတိုးတက်နှုန်းမှာ ၄ ရာခိုင်နှုန်း ရှိပါသည်။

“ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုဟာ ယူကရိန်းစစ်ပွဲကြောင်း ရပ်ဆိုင်းခဲ့ရပါတယ်။ ထိုသို့ရပ်ဆိုင်းခဲ့ရသော်လည်း တစ်နှစ်ကြာပြီးနောက် ကုန်သွယ်မှု ပြန်လည်ပွင့်လင်းလာခဲ့ပါတယ်။ စစ်ပွဲစတင်ချိန်တွင် ခန့်မှန်းခဲ့သလို အဆိုးဆုံးအခြေအနေကို မကြုံခဲ့ဘဲ စားသောက်ကုန်ဈေးနှုန်း တဟုန်ထိုးမြင့်တက်ခြင်းနှင့် ကုန်စည် ပြတ်လပ်မှုတို့လည်း မဖြစ်ပေါ်ခဲ့ပါ။ ဒါတွေဟာ WTO ၌ နိုင်ငံစုံကုန်သွယ်ရေးစနစ် ပွင့်လင်းလာခြင်းနှင့် အစိုးရအချင်းချင်းပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် ဖြစ်ပါသည်။” ဟု စီးပွားရေးပညာရှင် Ralph Ossa က ပြောသည်။ “ကုန်သွယ်ရေးပြန်လည်နာလန်ထူလာခြင်းမှာ နိုင်ငံတကာဈေးကွက်မျိုးစုံ ပွင့်လင်းပြီး သေချာမှုရှိသော/ ကြိုတင်ခန့်မှန်းနိုင်သော ကုန်သွယ်ရေးစည်းမျဉ်းတွေကြောင့်လည်း ဖြစ်ပါတယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

ထို့အပြင် ထုတ်ကုန်ပစ္စည်းကုန်သွယ်ရေးမှာ စစ်ပွဲကြောင့်သိသိသာသာထိခိုက်ခဲ့ပြီး ကုန်သွယ်မှုပွင့်လင်းတဲ့နိုင်ငံများအနေဖြင့် အထူးသဖြင့် ကုန်သွယ်ရေးကဏ္ဍတွင်နာလန်ထူရန် ပိုမြန်ဆန်ကြပါသည်။ ကုန်သွယ်ဘက်နိုင်ငံများ အနေဖြင့်လည်း ပဋိပက္ခကြောင့်ထိခိုက်ခဲ့သည့် ကုန်စည် ဥပမာ-ဂျုံ၊ ပြောင်း၊ နေကြာ၊ ဓာတ်မြေသြဇာ၊ လောင်စာဆီနှင့် မော်တော်ကားများ၏ ဓာတ်ကူးပစ္စည်းများတွင် အသုံးပြုသည့် မြေရှားသတ္တုတစ်မျိုးဖြစ်သော Palladium  စသည့် ကုန်ပစ္စည်းများနေရာတွင် အစားထိုးတင်သွင်းမည့် ကုန်စည်များကို အခြားကုန်သွယ်ဘက်နိုင်ငံများထံမှ ရှာဖွေနိုင်ခဲ့သည်။

စစ်ပွဲကြောင့် ကြီးမားစွာထိခိုက်ခဲ့သည့် ကုန်စည်များ၏ ဈေးနှုန်းမှာ စစ်ပွဲအစတွင် မျှော်မှန်းထားသည်ထက် လျော့နည်းခဲ့သည်။ စစ်ပွဲကြောင့် ကြီးမားစွာထိခိုက်ခဲ့သည့် ကုန်စည်များမှာ  ၂၄.၂ ရာခိုင်နှုန်း(ပြောင်း)နှင့် ၄.၄ရာခိုင်နှုန်း (Palladium) အကြား ဈေးနှုန်းမြင့်တက်ခဲ့သည်။ ၎င်းကုန်ပစ္စည်းများ၏ ဈေးနှုန်းမှာ မြင့်တက်ခဲ့သော်လည်း ၎င်းမြင့်တက်ခဲ့သည့်ဈေးနှုန်းများသည် ခန့်မှန်းဈေးနှုန်းထက် သိသိသာသာလျော့နည်းခဲ့သည်။ WTO အတွင်းရေးမှူးရုံး ဝန်ထမ်းများ၏ စားသောက်ကုန်စည်များနှင့်စပ်လျဉ်း၍ ပို့ကုန်ကန့်သတ်ချက်များကို လေ့လာချက်များအရ ဂျုံဈေးနှုန်းမှာ ၁၇ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ဝင်ငွေနည်းဒေသအချို့တွင် ၈၅ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်တွင် ယူကရိန်းနိုင်ငံ၏ ပို့ကုန်အမှန်တန်ဖိုး ၃၀ ရာခိုင်နှုန်း အထိ လျော့ကျသွားကြောင်း တွေ့ရသည်။ အာဖရိကနိုင်ငံများ၏ အစားအစာဖူလုံရေးအတွက် အဓိကအရေးပါသည့် အစေ့အဆန်အမျိုးမျိုး တင်ပို့မှုမှာ ၁၄.၉ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သဖြင့် အာဖရိကနိုင်ငံတွေ အနေနဲ့ ယင်းကုန်စည်များကို တင်သွင်းနိုင်မည့်နိုင်ငံများ ပြန်လည်ရှာဖွေစေရန် တွန်းအားတစ်ရပ် ဖြစ်စေခဲ့သည်။ ဥပမာ- အီသီယိုပီးယားနိုင်ငံအနေဖြင့် ဂျုံ ၄၅ ရာခိုင်နှုန်း ကို ယူကရိန်းနှင့် ရုရှားနိုင်ငံတို့မှ တင်သွင်းခဲ့ရပြီး ယခုအခါ အမေရိကန်နိုင်ငံအပါအဝင် (စုစုပေါင်းသွင်းကုန် ၂၀ ရာခိုင်နှုန်း အထိ) အခြား ထုတ်လုပ်သည့်နိုင်ငံများမှ တိုးမြှင့်တင်သွင်းခဲ့သည်။ ထို့အပြင် အာဂျင်တီးနားနိုင်ငံမှ အီသီယိုပီးယားနိုင်ငံသို့ ယခင်နှစ်က ဂျုံတင်သွင်းမှု မရှိခဲ့သော်လည်း ယခုအခါ ဂျုံတင်သွင်းမှု၏ ၂၁ ရာခိုင်နှုန်းမှာ အာဂျင်တီးနားနိုင်ငံမှ ဖြစ်သည်။  

အထူးသဖြင့် လောင်စာဆီ၊ ဓာတ်မြေသြဇာနှင့် အစေ့အဆန်အမျိုးမျိုးတို့၏ ဈေးနှုန်းမြင့်တက်မှုကြောင့် ရုရှားနိုင်ငံ၏ပို့ကုန်တန်ဖိုးမှာ ၁၅.၆ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။ သို့သော် ရုရှားနိုင်ငံ၏  ပို့ကုန်တန်ဖိုးမှာ အနည်းငယ်ကျဆင်းနိုင်ကြောင့် ခန့်မှန်းရပြီး စက်မှုကုန်စည်များဖြစ်သည့် မော်တော်ကား၊ ဆေးပစ္စည်း သို့မဟုတ် လေယာဉ်စသည့် အရေးယူကန့်သတ်ထားသည့် ကုန်စည်များ၏ ကုန်သွယ်မှုမှာ သိသိသာသာ လျော့ကျသွားခဲ့သည်။

ယခင်အစီရင်ခံစာများ၌ ကမ္ဘာ့နိုင်ငံများအနေဖြင့် ကာလရှည်တွင် အုပ်စုနှစ်စုခွဲခြားနိုင်ကြောင်း ဖော်ပြထား ပြီး နောက်ဆုံးထုတ်ပြန်ချက်ပါ လေ့လာမှုများအရ နိုင်ငံစုံကုန်သွယ်ရေး‌ဆိုင်ရာဖြေလျော့မှုများကို ရှေ့ဆက် ဆောင်ရွက်နိုင်ရန်အတွက် အခွင့်အလမ်းစရိတ်များရှိနိုင်ပြီး ပထဝီနိုင်ငံရေးအရ ယှဉ်ပြိုင်မှုဆီသို့ ရွှေ့လျား သွားနိုင်ပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ယင်းသို့ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းစရိတ်မှာ အမှန်ဝင်ငွေ၏ ၈.၇ ရာခိုင်နှုန်း အထိရှိနိုင်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ၆.၄ ရာခိုင်နှုန်း ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၁၀.၁ ရာခိုင်နှုန်းနှင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများတွင် ၁၁.၃ ရာခိုင်နှုန်း ကျော် စသည်ဖြင့် ကွဲပြားနိုင်သည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်)

ဇာစ်မြစ်။        https://www.wto.org/english/news_e/news23_e/publ_23feb23_e.htm

Category: USA