Phillippines

တရားမဝင်စီးကရက်များအား ထိထိရောက်ရောက်နှိမ်နှင်းသွားမည်ဟု ဖိလစ်ပိုင်အကောက်ခွန်ဌာနမှ အတိအလင်းကြေညာချက်ထုတ်ပြန်

Last Updated:

အစိုးရ၏ ဒုတိယအကြီးဆုံး အခွန်ဌာနဖြစ်သော ဖိလစ်ပိုင်အကောက်ခွန်ဌာနသည် ပီဆို ၁.၄ ဘီလီယံခန့်ရှိသော တရားမဝင်စီးကရက်များအား Zamboanga ဆိပ်ကမ်းတွင် ဖမ်းဆီးရရှိမှုနှင့် စပ်လျဉ်း၍ ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမည်ဟု ပြောကြားသွားခဲ့ပါသည်။

ဖိလစ်ပိုင်အကောက်ခွန်ဌာနမှ မသမာမှုပြုလုပ်သည့် တစ်ဦးတစ်ယောက်စီတိုင်းအား သင့်တော်သည့်ဒဏ်ကြေးနှင့် တရားမကြောင်းအရ အရေးယူဆောင်ရွက်ခြင်းဆိုင်ရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး Zamboanga အကောက်ခွန်မှ ပီဆို-၁.၄ ဘီလီယံခန့်တန်ဖိုးရှိ တရားမဝင်စီးကရက် ၆၆၇ တောင့်၊ စီးကရက်ဘူးခွံ ၁၉,၄၁၉ ခုတို့အား ဖျက်ဆီးခဲ့ကြောင်းနှင့် အဆိုပါပမာဏသည် Zamboanga ဆိပ်ကမ်းတွင် အကြီးမားဆုံးဖမ်းဆီးရရှိမှု ဖြစ်ကြောင်း အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ သိရှိရပါသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ် အနေဖြင့် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်အတွင်း Zamboanga Peninsula, Basilan, Sulu နှင့် Tawi-Tawi  ဒေသတို့မှ တရားမဝင်စီးကရက်များ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင်အကောက်ခွန်ဌာနအနေဖြင့်တရားမဝင်ကုန်သွယ်မှုပြုလုပ်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဥပဒေဌာနများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါဖမ်းဆီးရရှိမှုသည် သမ္မတ Marcos Jr ၏ နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှု ပပျောက်စေရေး စီမံချက်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရရှိသည့် စီးကရက်များအား ပူးပေါင်းအဖွဲ့များနှင့် စနစ်တကျ သယ်ယူပို့ဆောင်၍ ဖျက်ဆီးပစ်ခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

အစောပိုင်းကာလများက ဖိလစ်ပိုင်အခွန်ဌာနမှ စီးကရက်နှင့် အရက်တို့မှ ကောက်ခံရရှိသည့် အခွန်ပမာဏမှာ သတ်မှတ်ပမာဏအောက်သို့ ကျဆင်းခဲ့ကြောင်း၊ ကျန်းမာရေးနှင့် လူမှုဘဝကို ထိခိုက် စေသော ကုန်ပစ္စည်းများမှ အခွန်ကောက်ခံရရှိမှုမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပီဆို ၂၆၁.၆၄ ဘီလီယံရှိပြီး ၂၀၂၁ ခုနှစ်တွင် ကောက်ခံရရှိခဲ့သည့် ပီဆို ၂၆၆.၆၁ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၂ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့ပါသည်။

၂၀၂၂ ခုနှစ်တွင် ကျန်းမာရေးနှင့်လူမှုဘဝကို ထိခိုက်စေသော ကုန်ပစ္စည်းများမှ အခွန်ကောက်ခံရရှိမှုအား ပီဆို ၃၁၃.၂ ဘီလီယံ ရရှိရန်မျှော်မှန်းထားခဲ့သော်လည်း ၁၆ ရာခိုင်နှုန်းခန့် လျှော့နည်း ကောက်ခံရရှိခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

အစိုးရအနေဖြင့် တရားမဝင်စီးကရက်ကုန်သွယ်မှုကြောင့် အခွန်ရရှိငွေ ပီဆို ဘီလီယံ ၅၀ မှ ဘီလီယံ ၁၀၀ ကြား ဆုံးရှုံးနိုင်ကြောင်း ဖိလစ်ပိုင်အခွန်ဌာနမှ ကော်မရှင်နာ Romeo Lumagui Jr. မှ ခန့်မှန်းထားရှိပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်)

Source: https://mb.com.ph/2023/5/2/customs-vows-relentless-crackdown-on-illicit-cigarettes

Category: Phillippines