Thailand

ထိုင်းနိုင်ငံ၏ ကျောက်မျက်ရတနာဈေးကွက် အလားအလာ

Last Updated:

ထိုင်းနိုင်ငံ၌ ယခုနှစ်အတွင်း ကျောက်မျက်ရတနာဝယ်လိုအား ခိုင်မာနေသောကြောင့် ကျောက်မျက်ရတနာ တင်ပို့နိုင်မှု(ရွှေမပါ) ၁၀ ရာခိုင်နှုန်းထိ မြင့်တက်လာမည်ဟုခန့်မှန်းထားပါကြောင်း ထိုင်းနိုင်ငံကျောက်မျက်ရတနာဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Sumed Prasongphon-chai က ပြောကြားခဲ့ပါသည်။

ယခင်နှစ်က ကျောက်မျက်ရတနာ (ရွှေမပါ) အမေရိကန်ဒေါ်လာ ၇.၉၈ ဘီလီယံနှင့် ကျောက်မျက်ရတနာ (ရွှေအပါအဝင်) တင်ပို့နိုင်မှု အမေရိကန်ဒေါ်လာ ၁၅.၁ ဘီလီယံဖြစ်သော်လည်း ယခုနှစ် ပထမ ၃ လပတ်အတွင်း ကျောက်မျက်ရတနာ (ရွှေအပါအဝင်) တင်ပို့မှု အမေရိကန်ဒေါ်လာ ၄.၂၅ ဘီလီယံဖြစ်သဖြင့် ၂၂.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ ရွှေမပါဝင်ပါက အမေရိကန်ဒေါ်လာ ၂.၃၄ ဘီလီယံသာရှိ ကြောင်း ၎င်းက ဆိုပါသည်။

ယခင်နှစ်အတွင်း ထိုင်းကျောက်မျက်ရတနာများ အဓိကတင်ပို့ခဲ့သည့် နိုင်ငံများမှာ စင်ကာပူ၊ ဆွစ်ဇာလန်၊ အိန္ဒိယ၊ ဘယ်လ်ဂျီယံ၊ ယူကေ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ အမေရိကန်၊ ဟောင်ကောင်၊ ဂျပန်နှင့် ဂျာမနီတို့ အစဉ်လိုက်ဖြစ်ကြောင်း၊ တင်သွင်းကုန်များမှာ ဖြတ်တောက်၍ အရောင် တင်ထားသော ကျောက်များ၊ ရွှေနှင့် ရွှေထည်ပစ္စည်းများ၊ ဖြတ်တောက်၍ အရောင်တင်ထားသော စိန်များနှင့် လတ်ဝတ်ရတနာအတုအပများဖြစ်ကြောင်း  ဖြည့်စွက်ပြောကြားပါသည်။

အမေရိကန်နှင့် ဥရောပတွင် လက်ရှိအခြေအနေတွင် ပိတ်ဆို့မှုအန္တရာယ်ကို မျက်မြင်တွေ့နိုင်ပါကြောင်း၊ တရုတ်၊ ဂျပန်၊ အာရှအလယ်ပိုင်း၊ အရှေ့တောင်အာရှနှင့် အိန္ဒိယတို့တွင် ကျောက်မျက်ရတနာနှင့် ဆက်စပ်ပစ္စည်းများ၏ ဝယ်လိုအားမြင့်တက်လာနိုင်သည်ဖြစ်၍ ဈေးကွက်ကြီးထွားလာနိုင်ပါကြောင်း ၎င်းက သုံးသပ်ထားပါသည်။

စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ အဓိကဈေးကွက်များဖြစ်သည့် အမေရိကန်နှင့် ဥရောပတို့မှ ဝယ်ယူသူအကြိုက်နှင့် တမူထူးခြားသော အရည်အသွေးကိုပြသသည့် ထုတ်ကုန်ဒီဇိုင်းကို အလေးထားစေလိုကြောင်း၊ ထို့အပြင် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သည့် ဈေးကွက်နည်းလမ်းများကို အသုံးချခြင်းနှင့် ၎င်းတို့၏ ထောက်ပံ့မှုကွင်းဆက်တစ်လျှောက် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကိုလျှော့ချစေလိုကြောင်း Mr. Sumed က အကြံပြုထားပါသည်။

 

 

 

 

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့

Source: www.bangkok.gov         

Category: Thailand