Vietnam

ဝယ်လိုအားမြင့်လာသောကြောင့် ပထမငါးလအတွင်း ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာတင်ပို့မှု ဈေးနှုန်းများ မြင့်တက်လာ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ မေလအတွင်း ပင်လယ်စာတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၈၇၀ သန်း အထိ ရောက်ရှိရန် မျှော်မှန်းထားပြီး ယခင်နှစ်ထက် ၇ ရာခိုင်နှုန်းကျော် သိသိသာသာ တိုးတက်မှုဖော်ပြလျက်ရှိကြောင်း Viet Nam News အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

ဗီယက်နမ်ပင်လယ်စာတင်ပို့ရောင်းချသူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) မှ ပင်လယ်စာတင်ပို့မှုမှာ ယခုနှစ်ပထမငါးလအတွင်း မြင့်တက်လာခဲ့ပြီး အဓိကဈေးကွက်များတွင် ဝယ်လိုအားနှင့် ဈေးနှုန်းနှစ်မျိုးလုံးတွင် အပြုသဘောဆောင်သည့် အလားအလာများရှိကြောင်း ပြောကြားခဲ့သည်။

မေလအတွင်း ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၈၇၀ သန်း အထိရောက်ရှိရန် မျှော်မှန်းထားကြောင်း၊ တူနာငါးနှင့် ကဏန်းတင်ပို့မှုမှာ သိသာထင်ရှားသော တိုးတက်မှုရှိပြီး ငါးတန်၊ ပြည်ကြီးငါးနှင့် ရေဘဝဲတင်ပို့မှုမှာ အနည်းငယ် တိုးလာကြောင်း ဖော်ပြထားပါ သည်။

သို့ရာတွင် ပုစွန်တင်ပို့မှုသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ် ကျဆင်းခဲ့ကြောင်း၊ ယေဘုယျအားဖြင့် ယခုနှစ် ပထမငါးလအတွင်း ပင်လယ်စာတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံအထိရှိပြီး တစ်နှစ်ထက်တစ်နှစ် ၆.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါ သည်။

မေလတွင် ဗီယက်နမ်နိုင်ငံ၏ တူနာငါးတင်ပို့မှုသည် ၃၆ ရာခိုင်နှုန်း တိုးလာကာ အမေရိကန်ဒေါ်လာ ၉၅ သန်းကျော်အထိ မြင့်တက်လာခဲ့ပြီး တူနာစည်သွတ်ဘူး ၁၈ ရာခိုင်နှုန်း၊ ထုပ်ပိုးထားသောတူနာငါး ၃.၅ ဆ၊ အေးခဲတူနာငါးအသားလွှာ ၂၅ ရာခိုင်နှုန်းနှင့် အေးခဲတူနာငါး ၇ ဆနီးပါး မြင့်တက်လာခဲ့သည်။

အလားတူကာလတွင် ကဏန်းတင်ပို့မှုမှာ ၉၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ငါးတန်တင်ပို့မှု ၁၀ ရာခိုင်နှုန်း တိုးလာကာ ပြည်ကြီးငါး၊ ရေဘဝဲနှင့် အခြားငါးမျိုးစိတ်များ တင်ပို့မှုမှာ ၃ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ သို့ရာတွင်  ပုစွန်တင်ပို့မှုမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ပထမငါးလတာကာလအတွင်း တူနာငါးတင်ပို့မှုမှာ ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကဏန်း ထုတ်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၀၁ သန်းအထိရှိခဲ့ပြီး အဓိကအားဖြင့် ကဏန်း ထုတ်ကုန်တင်ပို့မှုမှာ နှစ်ဆတိုးလာခြင်းကြောင့် ၈၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အကြီးဆုံး ဈေးကွက်နှစ်ခုဖြစ်သည့် တရုတ်နှင့် ဂျပန်တို့သည် ဗီယက်နမ်နိုင်ငံ ကဏန်းတင်သွင်းမှုကို တိုးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါကာလအတွင်း ငါးနှင့်ပုစွန် တင်ပို့မှုမှာ ၃ ရာခိုင်နှုန်းနှင့် ၇ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၅၅ သန်းနှင့် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံနီးပါးအထိ အသီးသီးတိုးတက်ခဲ့သည်။ အမေရိကန်၊ ဂျပန်၊ အီးယူနှင့် တောင်ကိုရီးယားတို့ အပါအဝင် အဓိက စျေးကွက်များသည် ပင်လယ်စာဝယ်လိုအားနှင့် သွင်းကုန်စျေးနှုန်းများ နှစ်ခုစလုံးတွင် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာမည့် လက္ခဏာများ ပြသလျက်ရှိကြောင်း ဖော်ပြထားသည်။

အဆိုပါဈေးကွက်များသို့ မေလအတွင်း တင်ပို့မှုမှာ ၅ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းအထိ အပြု သဘောဆောင်သော တိုးတက်မှုများရှိကြောင်း တွေ့ရှိရပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ပြီးခဲ့သည့်နှစ်ထက် ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အမေရိကန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံမှ ပင်လယ်စာတင်သွင်းမှု အမေရိကန်ဒေါ်လာ ၆၃၅ သန်းတန်ဖိုးရှိပြီး ၁၃ ရာခိုင်နှုန်း တိုးတက်မှုဖြင့် ထိပ်တန်းဈေးကွက်တွင် ဆက်လက်ရပ်တည်လျက်ရှိကြောင်း၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် အီးယူသို့ တင်ပို့မှုမှာ ၃ ရာခိုင်နှုန်း မှ ၄ ရာခိုင်နှုန်းသာ တိုးတက်မှုရှိကြောင်း သိရှိရပါသည်။

 

 

Source: Viet Nam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam