နိုင်ငံခြားသားများအတွက် ထိုင်းအစိုးရ၏ အခွန်ပုံစံအသစ်ကြောင့် နိုင်ငံစုံရင်းနှီးမြှုပ်နှံသူများ အတွက် လျော့ပါးသက်သာစေမည့် အစီအမံများ ထုတ်ပြန်သွားရန် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
အခွန်ဦးစီးဌာနက မူကြမ်းရေးဆွဲထားသော ဥပဒေအသစ်အရ ထိုင်းနိုင်ငံအတွင်း၌ ရက်ပေါင်း ၁၈၀ သို့မဟုတ် အထက်နေထိုင်သူ တစ်ဦးတစ်ယောက်ချင်းစီသည် ပြည်ပမှရရှိသည့် ဝင်ငွေကို ထိုင်းနိုင်ငံအတွင်းသို့ ယူဆောင်လာခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယင်းဝင်ငွေအပေါ် တစ်ဦးချင်း ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ဥပဒေအရ အနည်းဆုံးအခွန်နှုန်းထား သတ်မှတ်ရန် ရည်ရွယ်ထားကြောင်း၊ အခွန်သည် ကမ္ဘာ့အနည်းဆုံးအခွန် (Global Minimum Tax-GMT) နှင့် ကိုက်ညီပါကြောင်း၊ နိုင်ငံစုံလုပ်ငန်းကြီးများသည်လည်း ၎င်းတို့ လုပ်ငန်းလည်ပတ်ရာ ကမ္ဘာ့နှင့်အဝှမ်း နိုင်ငံများ၌ အနည်းဆုံးအခွန်နှုန်းထား ၁၅ ရာခိုင်နှုန်း ပေးဆောင်ရကြောင်း သိရှိရပါသည်။
အခွန်သည် ထိုင်းနိုင်ငံသို့ လုပ်ငန်းတိုးချဲ့မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို သက်ရောက်မှုရှိနိုင်သည်ကို မျှော်လင့်ထားပါကြောင်း၊ ထို့ကြောင့် သက်ရောက်မှုကိုဖြေရှင်းနိုင်မည့် အစီအမံများလိုအပ်ကြောင်း၊ ထိုင်းနိုင်ငံသည် လျှပ်စစ်မော်တော်ကားအပါအဝင် စက်မှုလုပ်ငန်းများစွာအတွက် ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြားကုမ္ပဏီများကို ဖိတ်ခေါ်ထားပါကြောင်း၊ နိုင်ငံစုံ ကုမ္ပဏီ ၁,၀၀၀ ခုမှ လုပ်ငန်းရှင်များသည် အခွန်ကြောင့် ထိခိုက်မှုရှိနိုင်သည်ဟု ခန့်မှန်းထားပါကြောင်း၊ ဆောင်ရွက်သွားမည့် အစီအမံများကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အခြားသော အဖွဲ့အစည်းများနှင့် ဆွေးနွေးလျက်ရှိကြောင်း ဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mr. Narit Therd-steerasukdi က ပြောကြားခဲ့ပါသည်။
အခွန်ကို လာမည့်နှစ်တွင် စတင်ကောက်ခံရန် အစိုးရက မျှော်မှန်းထားသဖြင့် ဘုတ်အဖွဲ့အနေဖြင့် အစီအမံများအတွက် ပိုမိုအရှိန်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံအများစုသည် GMT ကို ကောက်ခံလျက်ရှိပါကြောင်း၊ ယင်းသည် နိုင်ငံစုံ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို သက်ရောက်မှုရှိပါကြောင်း၊ ယခုအခွန်သည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းအချက် အလက်ဖလှယ်ရေးပေါ်တွင် မူတည်နေပြီး OECD အဖွဲ့ဝင်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည်လည်း အခွန် သတင်းအချက်အလက်များကို နိုင်ငံများအကြား မျှဝေရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေးကို မြှင့် တင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာ၌ ဘုတ်အဖွဲ့အနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှု မက်လုံးပေးအစီအစဉ်များကို ပေးအပ်လျက်ရှိပါကြောင်း Mr. Narit က ဖြည့်စွက်ပြောကြားခဲ့ပါသည်။
အမေရိကန်နှင့် တရုတ်တို့မှ ထိပ်တန်းကုမ္ပဏီများသည် ထိုင်းနိုင်ငံတွင် အဓိက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများဖြစ်ကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း စင်ကာပူ၏ ရင်းနှီးမြှုပ်နှံမှု လျှောက်လွှာတန်ဖိုးသည် ဘတ် ၁၈၀ ဘီလီယံဖြင့် ထိပ်ဆုံး၌ရပ်တည်လျက်ရှိပြီး တရုတ်နှင့် အမေရိကန် ကုမ္ပဏီများက လျှပ်စစ်ပစ္စည်းများ၊ အီလက်ထရောနစ်နှင့် အချက်အလက်စင်တာတို့တွင် ရင်းနှီးမြှုပ်နှံမှု ကြီးမားပါကြောင်း၊ တရုတ်သည် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဘတ် ၁၁၄ ဘီလီယံဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပြီး ဟောင်ကောင်သည် ဘတ် ၆၈.၂ ဘီလီယံဖြင့် တတိယ၊ ထိုင်ဝမ်သည် ဘတ် ၄၄.၆ ဘီလီယံဖြင့် စတုတ္ထနှင့် ဂျပန်သည် ဘတ် ၃၅.၅ ဘီလီယံဖြင့် ပဥ္စမ ဖြစ်ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။