Korea

တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်ပို့မှုအခြေအနေ ပြန်လည်ကောင်းမွန်လာသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်အလားတူကာလထက် ၁၈ ရာခိုင်နှုန်း မြင့်မားလာ

Last Updated:

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ် အလားတူကာလကထက် ၁၈ ရာခိုင်နှုန်း မြင့်မားလာခဲ့ပါသည်။  တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ် အလားတူကာလကထက် မြင့်မားခဲ့သည်မှာလည်း ၄ လဆက်တိုက်ရှိပြီဖြစ်သည်ဟု တောင်ကိုရီးယားနိုင်ငံရှိ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ၁-၁-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်သော စာရင်းဇယားများတွင် ဖော်ပြထားပါသည်။

တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို ၆ နှစ်တာဝန်းကျင်အတွင်း အမြင့်ဆုံးတိုးတက်နှုန်းဖြင့်တင်ပို့မှုပမာဏမြင့်မားခဲ့သည့်အတွက် စုစုပေါင်းပို့ကုန်အားလုံးတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၅၄.၆ ဘီလီယံအထိ ရရှိခဲ့ကြောင်း၊ အဆိုပါပမာဏသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက တင်ပို့မှုပမာဏထက် ၁၈ ရာခိုင်နှုန်းမြင့်မားခဲ့ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန (Ministry of Commerce, Industry and Energy- MOTIE) က ထုတ်ပြန်ကြေညာခဲ့ပါသည်။

ပို့ကုန်တင်ပို့မှု မြင့်မားခဲ့သော်လည်း သွင်းကုန်တင်သွင်းမှုပမာဏသည် ယခင်နှစ်အလား တူကာလကထက် ၇.၈ ရာခိုင်နှုန်း လျော့ကျပြီး အမေရိကန်‌ဒေါ်လာ ၅၄.၃ ဘီလီယံဖိုးသာ တင်သွင်းခဲ့နိုင်သည့် အတွက် အမေရိကန်‌‌ဒေါ်လာသန်း ၃၀၀ ကုန်သွယ်မှုပိုငွေပြခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လမှစတင်၍ တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် သွင်းကုန်တင်သွင်းမှုထက် ပိုမိုခဲ့သည့်အတွက် ကုန်သွယ်မှုပိုငွေပြခဲ့သည်မှာ ၈ လဆက်တိုက်ရှိပြီဖြစ်ပါသည်။

ပို့ကုန်တင်ပို့မှုမြင့်မားရခြင်း၏ အဓိကအကြောင်းရင်းမှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တင်ပို့မှုမြင့်မားခဲ့ခြင်းကြောင့် ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တင်ပို့မှုသည် ၅၆.၂ ရာခိုင်နှုန်းမြင့်မားခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက တင်ပို့မှုတိုးတက်နှုန်း ဖြစ်သည့် ၆၄.၉ ရာခိုင်နှုန်းပြီးလျှင် ၆ နှစ်တာဝန်းကျင်အတွင်း အမြင့်ဆုံးတိုးတက်နှုန်းဖြစ်ပါ ကြောင်း၊ ကားတင်ပို့မှုသည်လည်း ၁၉ လဆက်တိုက်မြင့်မားလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၆.၂ ဘီ လီယံရရှိခဲ့ရာမည်သည့်နှစ်၏ ဇန်နဝါရီလနှင့်မဆို နှိုင်းယှဉ်ပါကအမြင့်ဆုံးပမာဏဖြစ်ပါကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် ကားများတင်ပို့မှုသာမက စက်ပစ္စည်းများ၊ အိမ်အသုံးအဆောင် ပစ္စည်းများ၊  Display ပစ္စည်းများ တင်ပို့မှုလည်း တိုးတက်ခဲ့ပါကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါသည်။

နိုင်ငံအလိုက်တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် ကွန်ပျူတာများ တင်ပို့မှုတိုးတက်ခဲ့သည့်အတွက် စုစုပေါင်းတင်ပို့မှုသည် ယခင်နှစ် အလားတူကာလကထက် ၁၆.၁ ရာခိုင် နှုန်းတိုးတက်လာကာ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၀.၇ ဘီလီယံရရှိခဲ့ပါကြောင်း၊ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့မှုသည်လည်း ၆ လဆက်တိုက်မြင့်မားလာခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၁၀.၂ ဘီလီယံရရှိခဲ့ပါကြောင်း၊ အဆိုပါပမာဏသည် ယခင်နှစ်အလားတူကာလကထက် ၂၆.၉ ရာခိုင် နှုန်းမြင့်မားလာခြင်းဖြစ်ပါကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

 

Source: https://www.koreatimes.co.kr/www/biz/2024/02/602_368012.html

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea