Vietnam

ဗီယက်နမ်ကုမ္ပဏီများအနေဖြင့် အင်ဒိုနီးရှားသို့ ဆန်တန်ချိန် ၃၀၀,၀၀၀ တင်ပို့ရန် လေလံ အောင်မြင်ခဲ့

Last Updated:

ဗီယက်နမ်နိုင်ငံ ပြည်တွင်းကုမ္ပဏီများမှ ဆန်တန်ချိန်၏ ၅၀၀,၀၀၀ တန်ကို အင်ဒိုနီးရှားသို့ တင်ပို့ရန် စီစဉ်နေကြောင်း၊ ဗီယက်နမ်ကုမ္ပဏီများသည် အင်ဒိုနီးရှား၏ စားနပ်ရိက္ခာ အရန်ဆန်များ တိုးမြင့်လာစေရန် ဆန်တန်ချိန် ၃၀၀,၀၀၀ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၃၀၀,၀၀၀ တင်ပို့ရန် ဗီယက်နမ်ကုမ္ပဏီ ခုနစ်ခုက လေလံအောင်မြင်ခဲ့ကြောင်း အင်ဒိုနီးရှား အမျိုးသားထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ (BULOG) က ဖေဖော်ဝါရီ ၁ ရက်တွင် ကြေညာခဲ့ကြောင်း Vn Economy အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

ဇန်နဝါရီလအတွင်း BULOG သည် နိုင်ငံ၏စားနပ်ရိက္ခာအရန်ဆန်ကို တိုးမြှင့်ရန်အတွက် ဆန်တန်ချိန် ၅၀၀,၀၀၀ တင်သွင်းရန် လေလံဆွဲခြင်းလုပ်ငန်းစဉ်ကို ကြေညာခဲ့ကြောင်း၊ တင်ပို့မည့်ဆန်ကို ၂၀၂၃- ၂၀၂၄ ကာလတွင် ရိတ်သိမ်းရန် လိုအပ်ပြီး၊ လတ်ဆတ်မှုနှင့် အရည်အသွေး သေချာစေရန်အတွက် ပြီးခဲ့သော ၆ လအတွင်း ကြိတ်ခွဲထားသောဆန်များဖြစ်ရန် လိုအပ်ကြောင်း၊ ဆန်တင်ပို့နိုင်သော နိုင်ငံများအနေဖြင့် ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံ တို့ပါဝင်ကြောင်း သိရှိရပါသည်။

ဖေဖော်ဝါရီ ၁ ရက် ကြေညာချက်အရ ဗီယက်နမ်ကုမ္ပဏီများသည် အင်ဒိုနီးရှားသို့ တင်သွင်းရန် စီစဉ်ထားသည့် ဆန်တန်ချိန် ၅၀၀,၀၀၀ ၏ ၆၀ ရာခိုင်နှုန်း သို့မဟုတ် BULOG မှ ကမ်းလှမ်းထားသည့် လေလံဆွဲမှု ၁၇ စောင်အနက် ၈ခုကို တင်ပို့နိုင်မည်ဖြစ်သည်။

ဗီယက်နမ်ကုမ္ပဏီများမှ တင်သွင်းသည့်အနိမ့်ဆုံးဈေးမှာ သယ်ယူပို့ဆောင်စရိတ် အပါအဝင် တစ်တန်လျှင် ၆၄၈ ဒေါ်လာဖြစ်ပြီး လေလံအောင်မြင်ခဲ့သည့် ဗီယက်နမ်ကုမ္ပဏီ ခုနစ်ခုအနက် Loc Troi Group သည် တန်ချိန် ၆၅,၀၀၀ ဖြင့် အများဆုံးရရှိခဲ့ကြောင်း သိရှိရပါသည်။

တင်ဒါအောင်မြင်သူများအနေဖြင့် ဗီယက်နမ်၏ နွေစပါး ရိတ်သိမ်းရာသီချိန်ဖြစ်သည့် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ဆန်တင်ပို့ရမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှားမှ ဆန်တန်ချိန် ၃.၈ သန်း တင်သွင်းရန် ခွဲတမ်းကို ခွင့်ပြုခဲ့သော်လည်း BULOG သည် တန်ချိန် ၂.၇၄ သန်းသာ ရရှိခဲ့ကြောင်း၊ ဗီယက်နမ်မှ တန်ချိန် ၁ သန်း ကျော်ရရှိခဲ့ကြောင်း၊ မကြာသေးမီက အင်ဒိုနီးရှားအစိုးရ၏ ၂၀၂၄ ခုနှစ်အတွက် ဆန်တန်ချိန် ၂ သန်းတင်သွင်းရန်ခွဲတမ်းကို အတည်ပြုခဲ့ပြီးဖြစ်သည့်အတွက် BULOG သည် ယခုနှစ်တွင် စုစုပေါင်းတန်ချိန် ၃.၀၆ သန်းရရှိရန် လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်စားနပ်ရိက္ခာအဖွဲ့ (VFA) ၏ အဆိုအရ ထိုင်းနိုင်ငံမှ ဆန်ကွဲ ၅ ရာခိုင်နှုန်း၏ ပျမ်းမျှဈေး သည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၅၃ ဒေါ်လာဖြင့် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်နေပြီး ဗီယက်နမ်ဆန်မှာ ၆၃၉ ဒေါ်လာနှင့် ပါကစ္စတန်ဆန် ၆၃၇ ဒေါ်လာ ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source : VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam