Korea

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တောင်ကိုရီးယားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ၃ ရာခိုင်နှုန်း ကျော်အထိ ပြန်လည်ရောက်ရှိမြင့်မားလာနိုင်

Last Updated:

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ မြင့်လားလာခြင်းနှင့် ပြည်တွင်းရှိ လတ်ဆတ်သော စားသောက်ကုန်များ ဈေးနှုန်းမြင့်မားလာခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တောင်ကိုရီးယားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၃ ရာခိုင်နှုန်းကျော်အထိ ပြန်လည်ရောက်ရှိမြင့်မားလာနိုင် ကြောင်းနှင့် ယင်းသို့ ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားနေမှုကို လျှော့ချနိုင်ရေး အစွမ်းကုန်ကြိုးပမ်း သွားမည်ဖြစ်ပါကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏   ဝန်ကြီး Mr. Kim Byoung က  ၂၉-၂-၂၀၂၄ ရက်နေ့တွင် ကတိပြုပြောကြားခဲ့ပါသည်။

ငွေကြေးဖောင်းပွမှုနှုန်းကို တိုင်းတာရာတွင်အဓိကကျသည့်  စားသုံးသူဈေးနှုန်းသည်  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ၂.၈ ရာခိုင်နှုန်းသာ မြင့်မားခဲ့ရာ ၆ လတာကာလအတွင်း ၃ ရာခိုင် နှုန်းအောက် ပထမဆုံးအကြိမ်အဖြစ်ကျဆင်းခဲ့ပါသည်။ သို့သော် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအ တွင်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများနှင့် ပြည်တွင်းလယ်ယာထွက်ကုန်ဈေးနှုန်းများ ရုတ်တရက် မြင့် မားလာသည့်အတွက် ငွေကြေးဖောင်းပွမှုနှုန်း ၃ ရာခိုင်နှုန်းအထက် ပြန်လည်ရောက်ရှိမြင့်မားလာနိုင်သည်ဟု ဝန်ကြီး Mr. Kim Byoung က အစိုးရဝန်ကြီးများအစည်းအဝေးတွင် ပြောကြားခဲ့ပါ သည်။

ဆက်လက်၍ တောင်ကိုရီးယားနိုင်ငံ၏ စံသတ်မှတ်ဈေးနှုန်းဖြစ်သည့် ဒူဘိုင်းရေနံစိမ်းဈေးနှုန်းသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈.၉ ဒေါ်လာသာ ရှိခဲ့သော်လည်း ဖေဖော်ဝါရီလတွင် အရှေ့အလယ်ပိုင်းဒေသ၌ စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်လာသည့်အတွက် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၀.၈ ဒေါ်လာ အထိမြင့်မားခဲ့ပါကြောင်း၊ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများသာမက ပြည်တွင်းသစ်သီးများ ဈေးနှုန်းသည်လည်း ဆက်လက်မြင့်မား‌နေသည့်အတွက် ငွေကြေးဖောင်းပွမှုနှုန်းသည် ၃ ရာခိုင်နှုန်း အထက် ပြန်လည်ရောက်ရှိမြင့်မားလာနိုင်ကြောင်း ဝန်ကြီး Mr. Kim Byoung က ပြောကြားခဲ့ပါ သည်။

အစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားနေမှုကို ထိန်းချုပ်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း၊ ပြည်ပမှ သစ်သီးတင်သွင်းမှု မြှင့်တင်သွားမည့်အပြင် ဈေးလျှော့ပေးသည့်အစီအစဉ်များ (Discount Programs) လည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Gas ဈေး နှုန်းများ မြှင့်တင်ရောင်းချနေခြင်း ရှိ/မရှိကို အထူးစုံစမ်းရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း၍ မတ်လအတွင်း နိုင်ငံအနှံ့ရှိ Gas Station များသို့ သွားရောက်စစ်ဆေးမည်ဖြစ်ပါကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်း ကို ၂၀၂၄ ခုနှစ်ကုန်ပိုင်းတွင် ၂ ရာခိုင်နှုန်းသာရှိနေစေရန် ရည်မှန်းထားသော်လည်း မျှော်လင့်ထားသည်ထက် နှေး‌ကွေးသောနှုန်းဖြင့်သာ ကျဆင်းသွားနိုင်ကြောင်းနှင့် ယခုနှစ်တွင် ဈေးနှုန်းများ ၂.၆ ရာခိုင်နှုန်းအထိ မြင့်မားလာနိုင်ကြောင်း စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

 

 

 

 

Source: https://www.koreaherald.com/view.php?ud=20240229050240

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea