Thailand

ထိုင်းနိုင်ငံထွက် သီးနှံထုတ်ကုန်များကို တရုတ်နိုင်ငံရှိ ဈေးဝယ် Platform ပေါ်တွင် ရောင်းချနိုင်ရေး စိုက်ပျိုးရေးနှင့် သမဝါယမစိုက်ပျိုးရေးဘဏ်က ရှာဖွေလျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့် သမဝါယမစိုက်ပျိုးရေးဘဏ်က တရုတ်နည်းပညာကြီးကုမ္ပဏီများ နှင့် e-commerce platform တစ်ခုကို ဖက်စပ်တည်ထောင်ရန် ဆွေးနွေးလျက်ရှိကြောင်း၊ အဆိုပါ platform က ထိုင်းသီးနှံထုတ်ကုန်များကို တရုတ်နိုင်ငံတွင် လွယ်ကူချောမွေ့စွာ ရောင်းချနိုင်ရန် ဖြစ်ကြောင်း ဥက္ကဋ္ဌ Mr. Chatchai Sirilai က ပြောကြားခဲ့သည်။

အစုရှယ်ယာ ထည့်ဝင်မှုအနေဖြင့် ဘဏ်က ၄၉ ရာခိုင်နှုန်းနှင့် တရုတ်နည်းပညာကုမ္ပဏီက ၅၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ယခုနှစ် ပထမ ၃ လပတ်အတွင်း အဆိုပြုလွှာကို တင်သွင်းသွားမည် ဖြစ် ကြောင်း၊ အဓိက ရည်ရွယ်ချက်မှာ ထိုင်းစိုက်ပျိုးရေးထွက်ကုန်များ၏ ဈေးကွက်ကျယ်ပြန့်စေရေးနှင့် တောင်သူနှင့် ရောင်းချသူများအကြား အမြတ်ခွဲဝေမှုစနစ်မျှတစေရန်ဖြစ်ကြောင်း၊ ဘဏ်နှင့် ထိုင်းစာတိုက်လုပ်ငန်းတို့ ပူးပေါင်း၍ နိုင်ငံတွင်း၌ ထိုင်းစာတိုက်မတ်တ် (Thailand Post Mart) ဟုခေါ် သော အွန်လိုင်း Platform မှတစ်ဆင့် စိုက်ပျိုးရေးထုတ်ကုန်များ ရောင်းချခဲ့ပါကြောင်း ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းစိုက်ပျိုးရေးထုတ်ကုန်များသည် ပို့ကုန်အခွင့်အလမ်းများရှိသော်လည်း ဖြန့်ချိသည့် လမ်းကြောင်းမှာ အကန့်အသတ်ရှိနေသဖြင့် ဘဏ်အနေဖြင့် ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုး ရေးနှင့် သမဝါယမစိုက်ပျိုးရေးဘဏ်၏ ဥပဒေ အခန်း ၁၀ (၁၄) အရ ဘဏ်ကို စိုက်ပျိုးရေးထုတ်ကုန်များအတွက် ကန့်သတ်ကုမ္ပဏီ သို့မဟုတ် အများပိုင်ကန့်သတ်ကုမ္ပဏီအဖြစ် တည်ထောင်နိုင်ကြောင်း၊ တိုက်ရိုက်ရောင်းချခြင်းကိုမူ တားမြစ်ထားပါကြောင်း၊ ဖက်စပ်ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိခဲ့ပါက တောင်သူများ၏ ဆုံးရှုံးမှုများကို လျှော့ချနိုင်ပြီး မျှတသော အမြတ်ခွဲဝေမှု ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုင်းစာတိုက်မတ်တ်တွင် စိုက်ပျိုးရေးထုတ်ကုန် ၅၀ နှင့် အမျိုးအစား ၂၀၀ ကို ရောင်းချနေသူ ၂၀၀ ဦး ရှိပါကြောင်း၊ နယ်စပ်ဖြတ်ကျော် e-commerce ကို စီစဉ်ဆောင်ရွက်ပေးမည်ဆိုပါက ထုတ်ကုန်များစွာ နှင့် ရောင်းချသူများစွာ ပါဝင်လာနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပွင့်လင်းမြင်သာမှုရှိစွာနှင့် မျှတမှုအတွက် Block-chain နည်းပညာကို အသုံးပြု၍ အွန်လိုင်း ဖြန့်ချိမှုဆောင်ရွက်ရန် e-commerce platform တစ်ခု တည်ထောင်သွားမည် ဖြစ်ကြောင်း၊ ထိုင်းသီးနှံ များကို ပို့ကုန်အတွက် ထုတ်လုပ်ကြသော်လည်း အကျိုးအမြတ်ကို ရောင်းချသူများကသာ ခံစားရပြီး တောင်သူများမှာမူ အရှုံးဖြင့်သာ ရင်ဆိုင်ရကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက သုံးသပ် ပြောကြားခဲ့သည်။

ပို့ကုန်အရည်အသွေးမီ စိုက်ပျိုးရေးထုတ်ကုန်များအတွက် သမရိုးကျနည်းလမ်းဖြင့် တင်ပို့ရောင်းချခြင်းအပြင် နည်းပညာကို အသုံးပြု၍ တွင်တွင်ကျယ်ကျယ်ရောင်းချနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ထုတ်ကုန်များရောင်းချရသော်လည်း အကျိုးအမြတ်ခံစားရမှု နည်းသည့် တောင်သူများအတွက် တိုးတက်လာသည့် နည်းပညာကို အကျိုးရှိစွာ အသုံးချခြင်းဖြင့် အမြတ်ခွဲဝေမှုမျှတမှုရှိစေရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

 

 

 

Source: www.bangkokpost.com

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

 

 

 

Category: Thailand