China (HongKong)

ရင်းနှီးမြှုပ်နှံမှုအစီအစဉ်သစ် စတင်လိုက်သည့် ဟောင်ကောင်ဒေသ

Last Updated:

ရင်းနှီးမြှုပ်နှံမှုအစီအစဉ်သစ်တစ်ခုဖြစ်သည့် Capital Investment Entrant Scheme အတွက် လျှောက်ထားမှုများကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ စတင်လက်ခံသွားမည်ဖြစ်သည်ဟု ဟောင်ကောင်ဒေသအစိုးရမှ ကြေညာခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ အစိုးရသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အသစ်အရ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် လျှောက်ထားသူများသည် အနည်းဆုံး ဟောင်ကောင်ဒေါ်လာ သန်း ၃၀ ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး၊ ရွေးချယ်ခံရသူများအနေဖြင့် ဇနီး/ ခင်ပွန်းနှင့် အသက် ၁၈ နှစ်အောက် အိမ်ထောင်မပြုရသေးသည့် သားသမီးများကို ဟောင်ကောင်‌ဒေသသို့ ခေါ်ဆောင်ခွင့်ရရှိမည်ဖြစ်ကြောင်းနှင့် ဟောင်ကောင်ဒေသတွင် ၇ နှစ်ထက်မနည်း ဆက်တိုက်နေထိုင်ပြီးပါက ဥပဒေနှင့်အညီ အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဒေသအစိုးရအနေဖြင့် asset and wealth စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ငွေရေးကြေးရေး ဝန်ဆောင်မှုနှင့် ဆက်စပ်ကျွမ်းကျင်မှုဆိုင်ရာ ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်မှု ခိုင်မာစေရန်နှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ကတိကဝတ်ပြုထားသည့် အစီအစဉ်အသေးစိတ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ Family Office ဝန်ဆောင်မှုပေးသည့် ကွန်ရက်အဖွဲ့ဝင်များနှင့် နိုင်ငံတကာ စီးပွားရေးအဖွဲ့ အစည်းများနှင့် ရှင်းလင်းပွဲများ အများအပြားပြုလုပ်ခဲ့ခြင်းကြောင့် အရှေ့အလယ်ပိုင်း၊ အရှေ့တောင်အာရှနှင့် ကမ္ဘာတစ်ဝှမ်းမှ ချမ်းသာကြွယ်ဝသူများ၏ စိတ်ဝင်စားမှုကိုရရှိခဲ့သည်ဟု ငွေတိုက်နှင့် ငွေရေးကြေးရေးဝန်ဆောင်မှု ဝန်ကြီးဖြစ်သူ Christopher Hui က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

လျှောက်ထားမှုစတင်သည့် မတ်လ ၁ ရက်နေ့မှာပင် လျှောက်လွှာများ လက်ခံရရှိခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းမှ ကြွယ်ဝချမ်းသာသူများအနေဖြင့် ဟောင်ကောင်ဒေသ၏ တည်ငြိမ်သည့် စီးပွားရေးဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံမှုပုံစံ အမျိုးမျိုးကို စိတ်ပါဝင်စားမှုရှိခြင်းကို ဖော်ညွှန်းသည်ဟု Invest Hong Kongက ပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)