China (HongKong)

ဟောင်ကောင်ဒေသနှင့် ဘာရိန်းနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်ချုပ်ဆို

Last Updated:

ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုမြှင့်တင်ရန်နှင့် နှစ်ဖက်စီးပွားရေး ဆက်သွယ်ဆောင်ရွက်မှု ခိုင်မာစေရန် ဟောင်ကောင်ဒေသနှင့် ဘာရိန်းတို့အကြား ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေး သဘောတူညီချက် (IPPA) ကို ဘာရိန်းနိုင်ငံ Manama မြို့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း Hong Kong Business သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် “HK, Bahrain forge investment pact to strengthen economic ties” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါ သဘောတူစာချုပ်မှာ နှစ်ဖက် ပြည်တွင်းလုပ်ထုံးလုပ်နည်းများ ပြီးစီးပါက စတင်သက်ဝင်မည်ဖြစ်ကြောင်း၊ သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဟောင်ကောင်နှင့် ဘာရိန်းတို့အကြား အပြန်အလှန် ရင်းနှီးမြှုပ်နှံသူများကို မျှတစွာ ဆက်ဆံသွားရန်၊ ရင်းနှီးမြှုပ်နှံမှုများ သိမ်းယူခြင်းအတွက် လျှော်ကြေးပေးရန်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းရေးယန္တရားများထားရှိရန် ကတိကဝတ်ပြုခဲ့ကြကြောင်း ရေးသားဖော်ပြထားပါသည်။

ဘာရိန်းနိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်အတွင်း ဟောင်ကောင်ဒေသ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဖြစ်သူ Algernon Yau နှင့် ဘာရိန်းနိုင်ငံ ဘဏ္ဍာရေးနှင့် အမျိုးသားစီးပွားရေးဝန်ကြီး Shaikh Salman bin Khalifa Al Khalifa တို့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

IPPA သည် နှစ်ဖက်ရင်းနှီးမြှုပ်နှံသူများကို အပြန်အလှန် အကာအကွယ်ပေးသွားမည်ဖြစ်သောကြောင့် ပြင်ပတွင် သွားရောက်ရင်းနှီးမြှုပ်နှံရန်အတွက် ယုံကြည်မှု မြင့်တက်လာမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လက်မှတ်ရေးထိုးနိုင်ခြင်းသည် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ စီးပွားရေးတိုးချဲ့မည့် ဟောင်ကောင်ဒေသ၏ ကတိကဝတ်ကို ပြဆိုခြင်းဖြစ်သည်ဟု Yau က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ထို့ပြင် ဟောင်ကောင်ဒေသသည် ဆော်ဒီအာရေဗျနိုင်ငံနှင့် IPPA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ညှိနှိုင်းလျက်ရှိပြီး အရှေ့အလယ်ပိုင်းဒေသနှင့် ဟောင်ကောင်ဒေသတို့အကြား စီးပွားရေးနှင့် ကုန်သွယ်မှုကွန်ရက် မြှင့်တင်နိုင်ရေးအတွက် Riyadh မြို့တွင် စီးပွားရေးနှင့် ကုန်သွယ်ရေးရုံးတစ်ရုံး ဖွင့်လှစ်သွားရန် စဉ်းစားနေကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)