Thailand

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ထိုင်းနိုင်ငံ၌ ပို့ကုန်တင်ပို့မှုကျဆင်းမည်ဟု Thai National Shippers' Council (TNSC) က ခန့်မှန်းထား

Last Updated:

ထိုင်းပို့ကုန်ကဏ္ဍသည် ယခုနှစ် ပထမနှစ်ဝက်တွင် ၇.၄ ရာခိုင်နှုန်းအထိ တင်ပို့မှုကျဆင်းနိုင်သည်ဟု ကုန်သွယ်ရေးအဖွဲ့က ခန့်မှန်းထားသဖြင့် ၂၀၂၃ ခုနှစ်တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ ထိုင်းပို့ကုန်များသည် ပထမ သုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ် ၁၀ရာခိုင်နှုန်းအထိ ကျုံ့နိုင်ဖွယ်ရှိကြောင်း Thai National Shippers' Council (TNSC) ၏ ဥက္ကဌ Chaichan Chareonsuk က ပြောကြားခဲ့ပါသည်။

ပို့ကုန်ကဏ္ဍသည် ၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ်တွင် ပြန်လည်မကောင်းမွန်နိုင်ဘဲ တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်တို့တွင် ၁.၈ ရာခိုင်နှုန်း နှင့် ၁၂ ရာခိုင်နှုန်း အသီးသီး ပြန်လည်မတက်လာမီ ၅ ရာခိုင်နှုန်း ကျုံ့သွား နိုင်ကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်အတွက် ထိုင်းပို့ကုန်တန်ဖိုးသည် ၇.၄ရာခိုင်နှုန်း ကျဆင်းပြီးနောက် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၃၈ ဘီလီယံရှိရန် မျှော်လင့်ထားပါကြောင်း၊  သို့သော်လည်း စီးပွားရေး အခြေအနေနှင့် တရုတ်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကဲ့သို့သော အဓိကကုန်သွယ်ဖက်နိုင်ငံများ၏ စီးပွားရေးပြန်လည်ဦးမော့လာမှုပေါ် မူတည်၍ ပို့ကုန်ကဏ္ဍသည် ဒုတိယနှစ်ဝက်တွင် ၇-၉ရာခိုင်နှုန်း တိုးတက်နိုင်ပါကြောင်း၊ ထိုင်းနိုင်ငံ၏ ပို့ကုန် သည် ယခုနှစ်တွင် ယေဘုယျအားဖြင့် ၀ရာခိုင်နှုန်း မှ ၁ ရာခိုင်နှုန်းအထိ တိုးလာမည်ဟု မျှော်လင့်ထားပါကြောင်း Mr. Chaichan က ပြောကြားခဲ့ပါသည်။

အခြေအနေများသည် ထပ်မံဆိုးရွားလာခြင်းမရှိဘဲ ဆီဈေးနှုန်း၊ ငွေကြေးဖောင်းပွမှုနှင့် ငွေလဲလှယ်နှုန်းစသည်တို့ကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မည် ဆိုပါက ဒုတိယနှစ်ဝက်တွင် ပို့ကုန်ကဏ္ဍ ပြန်လည်ကောင်းမွန်ရန် အခွင့်အလမ်းရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

မေလ သို့မဟုတ် ဇွန်လတွင် ပိုမိုရှင်းလင်းမြင်သာလာနိုင်သည့် ရေနံစျေးနှုန်း၊ အမေရိကန် ငွေကြေးဖောင်းပွမှုနှင့် တရုတ်စီးပွားရေး ပြန်လည် နာလန်ထူလာမှုစသည့် အချက်များအား အနီးကပ်စောင့်ကြည့်ရန် အကြံပြုပါကြောင်း၊ ဆက်လက်ကြီးထွားနိုင်သည့် အရေးကြီးပို့ကုန်များမှာ စားသောက်ကုန်လုပ်ငန်း၊ ကားများနှင့် မော်တော်ယာဉ် အစိတ်အပိုင်းများဖြစ်ကြောင်း  Mr. Chaichan က ဖြည့်စွက်ပြောကြားပါသည်။

အကောက်ခွန်ရှင်းလင်းထားသော ပို့ကုန်တန်ဖိုးသည် ဖေဖော်ဝါရီတွင် ပဉ္စမလဆက်တိုက် အမေရိကန်ဒေါ်လာ ၂၂.၄ ဘီလီယံ (၄.၇ရာခိုင်နှုန်း) ကျဆင်းသွားခဲ့ပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၃.၅ ဘီလီယံ (၁.၁ရာခိုင်နှုန်း) တိုးလာခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁.၁၁ ဘီလီယံ ဖြစ်နေပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မတ်လ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့စီးပွားရေးနှေးကွေးမှု၊ ဘဏ္ဍာရေးနှင့် အရင်းအနှီးဈေးကွက်မတည်ငြိမ်မှု၊ ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများ၊ ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး ကွဲပြားမှု၊ ကုန်သွယ်မှုနှင့် နည်းပညာပဋိပက္ခများ၊ ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများနှင့်  နိုင်ငံတကာနိုင်ငံရေး ပဋိပက္ခများကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်း အတက်အကျအပါအဝင် အဓိကဆုံးရှုံးစေသည့် အချက်များရှိနေသော်လည်း ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးတက်မှုသည် ၂၀၂၃ ခုနှစ်တွင် ၁-၂ရာခိုင်နှုန်းရှိမည်ဟု ကောင်စီက မျှော်လင့်ထားပါသည်။    

အမေရိကန်နှင့် ဥရောပရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများတွင် လိုက်လျောညီထွေမှုမရှိခြင်းသည် စိုးရိမ်ရမည့် အခြေအနေတစ်ခုဖြစ်ပါသည်။ အကယ်၍ ယခုအခြေအနေသည်  ဆက်လက်ပြန့်ပွားပါက ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မှု အန္တရာယ်ကို မြင့်မားလာစေလာနိုင်ပြီး သုံးစွဲသူများ၏ ယုံကြည်မှုနှင့် ဝယ်ယူမှုစွမ်းအား ကျဆင်းစေကာ တင်သွင်းမှုစဉ်ဆက်မပြတ် လျော့ကျသွားနိုင်ကြောင်း မစ္စတာ Chaichan မှ ပြောကြားခဲ့ပါသည်။

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: www.bangkok.com

 

 

Category: Thailand