Vietnam

ဗီယက်နမ်သည် ကမ္ဘာ့အကောင်းဆုံးဆန် ဆုကို ဒုတိယအကြိမ်ရရှိခဲ့

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၊ Cebu မှာကျင်းပသည့် ကမ္ဘာ့အကောင်းဆုံးဆန် ၂၀၂၃ ပြိုင်ပွဲတွင် ဗီယက်နမ်နိုင်ငံမှ စံပယ်မွှေးဆန် Ong Cua ST25 ဖြင့် ဒုတိယအကြိမ် ကမ္ဘာ့အကောင်းဆုံးဆန် ချန်ပီယံဆုကို ရရှိခဲ့ကြောင်း Vietnam plus အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

ကမ္ဘာ့အကောင်းဆုံးဆန်ပြိုင်ပွဲသည် ဆန်များ၏အရည်အသွေး၊ အနံ့နှင့် အရသာတို့အပေါ် အခြေခံ၍ ကမ္ဘာတစ်ဝှမ်းမှ အကောင်းဆုံးဆန်မျိုးကွဲများကို မြှင့်တင်ရန်နှင့် အသိအမှတ်ပြုရန် ရည်ရွယ်သည့် နှစ်စဉ်ကျင်းပသည့်ပွဲဖြစ်သည်။

The Rice Trader မှ စီစဉ်ကျင်းပသည့် အဆိုပါပြိုင်ပွဲသို့ နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်မှ ဆန်နမူနာ ၃၀ ကိုပြသထားကြောင်းနှင့် ဗီယက်နမ်ဆန် ST25 သည် ပြိုင်ပွဲတွင် ကမ္ဘာ့အကောင်းဆုံးဆန်ဆုရရှိခဲ့ပြီး ကမ္ဘောဒီးယားနှင့် အိန္ဒိယမှ ဆန်မျိုးကွဲများက ဒုတိယနှင့် တတိယနေရာ အသီးသီး ရရှိခဲ့ကြောင်းသိရှိရပါသည်။

ဗီယက်နမ်သည် ပြိုင်ပွဲ၏ ထိပ်တန်းဆုအား ဒုတိယအကြိမ် ရရှိခြင်းဖြစ်ကြောင်း၊  ယခင် ၂၀၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ၌ ကမ္ဘာ့အကောင်းဆုံးဆန်ပြိုင်ပွဲတွင် Ong Cua ST25 ဆန်သည် ပြိုင်ပွဲ၏ ထိပ်တန်းဆုအား ပထမအကြိမ်ရရှိခဲ့ပြီး US တွင်ကျင်းပသည့် ကမ္ဘာ့အကောင်းဆုံးဆန်ပြိုင်ပွဲ ၂၀၂၀ တွင် ဒုတိယနေရာရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ST25 ဆန်၏ဖခင်ဟု မကြာခဏရည်ညွှန်းလေ့ရှိသော Ho Quang Cua က လက်ရှိ ST25 ဆန်အမျိုးအစား (လိုင်း 72-6) သည် ၂၀၁၉ ခုနှစ်တွင် ထိပ်တန်းဆုရရှိခဲ့သော ST25 ဆန် (လိုင်း 68-10) နှင့်ကွဲပြားကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်တွင် ကမ္ဘာ့အကောင်းဆုံးဆန်ပြိုင်ပွဲတွင် အနိုင်ရခဲ့သော ST25 ဆန်ကို Soc Trang ပြည်နယ်၊ Thanh Thoi An ခရိုင်၊ Tran De ခရိုင်၊ Tien Cuong ရွာရှိ 2.6 ဟက်တာ ကျယ်သော မြေကွက်ပေါ်တွင် စိုက်ပျိုးခဲ့ကြောင်း၊ စပါးကို ၂၀၂၃ ခုနှစ် နွေ-ဆောင်းဦးရာသီတွင် စိုက်ပျိုးခဲ့ပြီး မကြာသေးမီကမှ ရိတ်သိမ်းခဲ့ကြောင်း၊ တည်နေရာသည် ဗီယက်နမ်၏ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိသောကြောင့် ရာသီဥတုနှင့် စပါးစိုက်ပျိုးရန်အတွက် မြေသြဇာကောင်းသောနေရာဖြစ်ကြောင်း လူသိများကြောင်း သိရှိရပါသည်။

 

 

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: Vietnam