Vietnam

ဗီယက်နမ်နိုင်ငံမှ တင်သွင်းသည့် ဒူးရင်းသီးနှင့် ငရုတ်သီးများ ဂျပန်နိုင်ငံတွင် ဖျက်ဆီးခံရ

Last Updated:

ဗီယက်နမ်နိုင်ငံမှတင်ပို့သည့် ဒူးရင်းနှင့် ငရုတ်သီး တန်ချိန် ငါးတန်ကျော်ကို ဂျပန်နိုင်ငံက လက်ခံနိုင်သည့်စံနှုန်းထက် ပိုးသတ်ဆေးပါဝင်မှု ပမာဏမြင့်မားကြောင်း တွေ့ရှိရသည့်အတွက် ပြီးခဲ့သည့် အောက်တိုဘာလက ဖျက်ဆီးခဲ့ကြောင်း VN Express international အွန်လိုင်းသတင်း ဖော်ပြချက်အရသိရှိရပါသည်။

ဂျပန်နိုင်ငံရှိ  ဗီယက်နမ်၏ စီးပွားရေးအကြံပေးဖြစ်သူ၏ အစီရင်ခံစာအရ ဗီယက်နမ်နိုင်ငံမှ ကုမ္ပဏီတစ်ခုသည် အောက်တိုဘာ ၅ ရက်နေ့က ဒူးရင်း ၁ ဒသမ ၄ တန်ကို ဂျပန်နိုင်ငံသို့ တင်ပို့ခဲ့ပြီး ဂျပန်စံနှုန်းထက် ၀.၀၁ (ppm ) ထက် ပရိုစီမိုဒုန်း ၀.၀၃ (ppm) ပါဝင်ကြောင်း သိရှိရပါသည်။

ငရုတ်သီး ၄ တန်တွင် tricyclazole နှင့် hexaconazole ဓာတုပစ္စည်းများပါဝင်မှုနှုန်းသည် စံလက်ခံသည့်အဆင့်ထက် ကျော်လွန်နေကြောင်း တွေ့ရှိခဲ့သည်။ ဓာတုပစ္စည်းနှစ်မျိုးလုံးအတွက် စံအဆင့်သည် တစ်သန်းလျှင် ၀.၀၁ (ppm) ဖြစ်သော်လည်း ငရုတ်သီးတွင် tricyclazole ၀.၂ ppm နှင့် hexaconazole ၀.၀၃ ppm ပါရှိသောကြောင့် စားသုံးရန်မသင့်တော်ကြောင်း ယူဆသည့်အတွက် တင်သွင်းလာသော အစားအစာများ၏ ဘေးကင်းမှုကို အာမခံရန်တာဝန်ရှိသော ဂျပန်သီးသန့်ခွဲအာဏာပိုင်များက အဆိုပါတင်ပို့ခဲ့သည့် ငရုတ်သီးအားလုံးကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရှိရပါသည်။

Procymidone ကို မလိုလားအပ်သောအပင်များကို သတ်ရန်အသုံးပြုခြင်းဖြစ်ပြီး Tricyclazole သည် မှိုသတ်ဆေးဖြစ်ပြီး ဖုံနှင့် အခြားရောဂါများကို ကာကွယ်ရန် အသုံးပြုခြင်းဖြစ်သည်။

ဟိုချီမင်းဆေးတက္ကသိုလ်၊ ကျန်းမာရေးဌာနမှ အကြီးအကဲဖြစ်သူ Do Van Dung က ပိုးသတ်ဆေး ၃ မျိုးကို နိုင်ငံအများအပြားတွင် ခွင့်ပြုထားသော်လည်း ၎င်းတို့၏ အန္တရာယ်ရှိသော သက်ရောက်မှုများကို တိရစ္ဆာန်များတွင်သာ သုတေသနပြုထားကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ပိုးသတ်ဆေးများသည် ဂျပန်နိုင်ငံသို့ တင်ပို့သည့် ထုတ်ကုန်များတွင်ရှိနေသည်မှာ ပုံမှန်ဖြစ်ပြီး ၎င်းတို့သည် ဂျပန်စံနှုန်းထက် ကျော်လွန်နေခြင်းသည် ဗီယက်နမ် စားသုံးသူများကို အန္တရာယ်ဖြစ်စေသည်ဟု မဆိုလိုကြောင်းဖော်ပြထားသည်။

ဩစတေးလျကဲ့သို့သော နိုင်ငံအချို့သည် ဂျပန်၏ ၀.၁ mg/kg နှင့် နှိုင်းယှဉ်ပါက ကြက်သွန်ဖြူတွင် ပရိုစီမိုဒုန်းအဆင့်ကို တစ်ကီလိုဂရမ်လျှင် ၅ မီလီဂရမ်အထိ ခွင့်ပြုထားသည်။ ဂျပန်နိုင်ငံရှိ ဗီယက်နမ်၏ စီးပွားရေးအကြံပေးဖြစ်သူ Ta Duc Minh က နောင်တွင် အလားတူဖြစ်ရပ်မျိုးမဖြစ်အောင် ဗီယက်နမ်အာဏာပိုင်များထံ အကြောင်းကြားထားကြောင်း VnExpress သို့ ပြောကြားခဲ့သည်။

အခြားဖွံ့ဖြိုးပြီး နိုင်ငံအများအပြားသည်လည်း အရည်အသွေးမြင့်သော ဈေးကွက်ဖြစ်သည့် ဂျပန်၏ စံနှုန်းများနှင့် ကိုက်ညီရန် ရံဖန်ရံခါ ပျက်ကွက်ကြသည်။ ဂျပန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ တတိယအကြီးဆုံး စိုက်ပျိုးရေး၊ သစ်တောနှင့် ပင်လယ်စာ တင်ပို့ရောင်းချသည့် ဈေးကွက်ဖြစ်ပြီး ပထမ ၁၀ လအတွင်း ပို့ကုန်စုစုပေါင်း၏ ၇.၄ % ရှိသည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၆ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရရှိခဲ့သည်။ သို့သော်လည်း ဂျပန်နိုင်ငံသို့ ဒူးရင်းတင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၁၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယင်းကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းရရှိကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံသို့ စိုက်ပျိုးရေးပို့ကုန် တင်ပို့လိုသူများအနေဖြင့် ဂျပန်နိုင်ငံ၏ စံနှုန်းများကို နားလည်လိုက်နာရန် လိုအပ်သကဲ့သို့ ပိုးသတ်ဆေးအသုံးပြုမှု အကောင်းဆုံးအလေ့အကျင့်များ ရရှိရေးအတွက် ဒေသတွင်း စိုက်ပျိုးရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုကြောင်းသုံးသပ်ရပါသည်။



Source: VN Express international 
(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: Vietnam