China (HongKong)

ကွာလာလမ်ပူမြို့တွင် ဟောင်ကောင်ကုန်သွယ်ရေးရုံး မကြာမီဖွင့်လှစ်မည်

Last Updated:

ဟောင်ကောင်ဒေသအနေဖြင့် မလေးရှားနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ဟောင်ကောင်ကောင် စီးပွားရေးနှင့်ကုန်သွယ်မှုရုံး (ETO) တစ်ရုံးကို ကွာလာလမ်ပူမြို့၌ မကြာမီ ဖွင့်လှစ်သွားမည်ဟု ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူးချုပ် John Lee က ဟောင်ကောင်ဒေသ နှင့် မလေးရှားနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးအထိမ်းအမှတ် နှစ် (၅၀) ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ထုတ် South China Morning Post သတင်းစာတွင် “Trade Office to be Opened Soon in Kuala LumPur” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

မလေးရှားနိုင်ငံ၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke Siew Fook ကလည်း မလေးရှားနိုင်ငံ မြို့တော်သို့ ဟောင်ကောင်လေကြောင်းလိုင်း တိုးချဲ့ပျံသန်းနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း၊ မလေးရှားနိုင်ငံမြို့တော်နှင့် အခြားသော မြို့ကြီးများသို့ ဟောင်ကောင်လေကြောင်းလိုင်းနှင့် အခြားလေကြောင်းလိုင်းများ ပြေးဆွဲမှုကို ကြိုဆိုကြောင်းနှင့် မလေးရှား နိုင်ငံသည် အာဆီယံဒေသ၏ မဟာဗျူဟာမြောက် ဝင်/ထွက်ပေါက် တစ်ခုအဖြစ် တည်ရှိနေသော ဒေသတစ်ခုဖြစ်သည်ဟု ပြောကြားကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ အကျိုးအမြတ်နှင့် အခွင့်အလမ်းများကို မကြာမီ မလေးရှားနိုင်ငံရှိ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ ကျောင်းသားများနှင့် အလွယ်တကူ ချိတ်ဆက် ပေးသွားနိုင်တော့မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဟောင်ကောင်၌ မလေးရှားလုပ်ငန်းပေါင်း ၈၀ ကျော် ရုံးခန်းများ လာရောက်ဖွင့်လှစ်ထားရှိပြီး အဆိုပါ လုပ်ငန်းများအနက် ၃၀ ကျော်မှာ ဟောင်ကောင်စတော့အိတ်ချိန်းတွင် စာရင်းသွင်းပါဝင်ထားပြီးဖြစ်ကြောင်း၊ တစ်နိုင်ငံစနစ်နှစ်မျိုး ကျင့်သုံးမှုကြောင့် ဟောင်ကောင်ဒေသသည် ရပ်ဝန်းနှင့် လမ်းကြောင်းတစ်လျှောက်တွင် ပါဝင် သော နိုင်ငံ/ဒေသများနှင့် တရုတ်ပြည်မအကြား super connector နှင့် super value-adder အဖြစ် ရပ်တည်နေကြောင်း၊ ရပ်ဝန်းနှင့်လမ်းကြောင်း ဆောင်ရွက်ချက်အောက်မှ မလေးရှားနိုင်ငံ၏ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအတွက် ဟောင်ကောင်ဒေသသည် ကူညီပေးမည့် မိတ်ဖက်ဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးချုပ်က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါ သည်။

ယခင်နှစ် ကုန်သွယ်မှုစာရင်းဇယားများအရ မလေးရှားနိုင်ငံသည် ဟောင်ကောင်ဒေသ၏ နဝမမြောက် အကြီးဆုံး ကုန်စည်ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး၊ စတုတ္ထအကြီးဆုံး ပို့ကုန်ဈေးကွက် လည်းဖြစ်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)