Russia

ရုရှားသည် ဥရောပသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့တင်ပို့မှု ၉၀ ရာခိုင်နှုန်းကို အခြားဈေးကွက်သစ်များသို့ လမ်းကြောင်းလွှဲတင်ပို့နိုင်ခဲ့

Last Updated:

ရုရှားနိုင်ငံသည် ဥရောပသို့ ရေနံတင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းကို အခြားဈေးကွက်သစ်များသို့ လမ်းကြောင်းလွှဲတင်ပို့နိုင်ခဲ့ကြောင်း၊ သဘာဝဓာတ်ငွေ့တင်ပို့နိုင်မှု တိုးမြှင့်ရေးအတွက်လည်း အချို့သောနိုင်ငံများနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ရုရှားဒုတိယ ဝန်ကြီးချုပ် Mr. Alexander Novak က ပြောကြားခဲ့သည်။

ဥရောပနိုင်ငံများသည် ရေနံနှင့်ရေနံထွက်ကုန်များ တင်ပို့ခြင်းကို တားမြစ်ခဲ့သဖြင့် လက်ရှိတွင် ၉၀ ရာခိုင်နှုန်းကျော်ကို ဝယ်လိုအားများသည့် အာရှ-ပစိဖိတ်ဒေသ၊ အာဖရိက၊ လက်တင်အမေရိကသို့ လမ်းကြောင်းလွှဲခဲ့ရကြောင်း၊ အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံများ၏ စီးပွားရေးသည် လက်ရှိတွင် ဥရောပထက် အရှိန်အဟုန်မြင့်မားစွာ တိုးတက်လာသဖြင့်  စွမ်းအင်အရင်းအမြစ် လိုအပ်ချက်လည်း ကြီးထွားလာကြောင်း၊ သဘာဝဓာတ်ငွေ့ တင်ပို့နိုင်မှု တိုးမြှင့်ရေးအတွက် အာရှနိုင်ငံများအပေါ် ပိုမိုစိတ်ဝင်စားကြောင်း၊ လက်ရှိတွင် ရုရှားသည် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်လျက်ရှိပြီး အာရှသို့ ဓာတ်ငွေ့ထောက်ပံ့မှုဆိုင်ရာ အကြီးစား စီမံကိန်းများစွာကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ချုပ်က ပြောကြားခဲ့သည်။

ရုရှားသည် စွမ်းအင်အရင်းအမြစ်များအတွက် ငွေပေးချေမှုများကို မိတ်ဖက်နိုင်ငံများ၏ ငွေကြေးဖြင့် ၅၀ ရာခိုင်နှုန်းနှင့် ရုရှားရူဘယ်ဖြင့် ၅၀ ရာခိုင်နှုန်းသို့ ပြောင်းလဲခဲ့ကြောင်း၊ လက်ရှိ အချိုးသည် ၅၀-၅၀ ရာခိုင်နှုန်းရှိမည်ဟု ယုံကြည်ကြောင်း၊ ဥရောပနိုင်ငံများနှင့် လက်ကျန် စာချုပ်အောက်တွင် ဒေါ်လာ၊ ယူရိုငွေအနည်းငယ်သာ ကျန်ရှိတော့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ ရေနံထုတ်လုပ်နိုင်မှုသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၅၂၁.၃ သန်းနှင့် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၅၁၈.၆ သန်းသို့ ကျဆင်းသွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၅၂၅.၂ သန်းနှင့် ၂၀၂၇ ခုနှစ်တွင် တန်ချိန် ၅၃၂.၆ သန်းအထိ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရသည်။

၂၀၂၃ ခုနှစ်တွင် ရုရှားရေနံထုတ်လုပ်မှုသည် တန်ချိန် ၅၃၀.၆ သန်းရှိခဲ့ကြောင်း သိရှိရသည်။

ရုရှားနိုင်ငံ၏ သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှုသည် ၂၀၂၄ နှစ်ကုန်တွင် ၆၆၈.၂ ဘီလီယံ ကုဗမီတာ၊ ၄.၈ ရာခိုင်နှုန်းအထိ တိုးတက်မည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ၆၉၅.၄ ဘီလီယံ ကုဗမီတာ၊ ၂၀၂၆ ခုနှစ်တွင် ၇၀၉.၁ ဘီလီယံကုဗမီတာနှင့် ၂၀၂၇ ခုနှစ်တွင် ၇၂၉.၇ ဘီလီယံ ကုဗမီတာ အသီးသီး တိုးတက်မည်ဖြစ်ကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရသည်။

၂၀၂၄ ခုနှစ်၊ နှစ်ကုန်တွင် ရုရှား ပိုက်လိုင်းဓာတ်ငွေ့ တင်ပို့နိုင်မှုသည် ၁၁၁.၄ ဘီလီယံ ကုဗမီတာ၊ ၁၀.၃ ရာခိုင်နှုန်း တိုးလာမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ၁၂၀ ဘီလီယံကုဗမီတာ၊ ၂၀၂၆ ခုနှစ်တွင် ၁၂၆ ဘီလီယံကုဗမီတာနှင့် ၂၀၂၇ ခုနှစ်တွင် ၁၂၂ ဘီလီယံကုဗမီတာအထိ အသီးသီး တိုးတက်မည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် LNG တင်ပို့နိုင်မှုသည် တန်ချိန် ၃၅.၂ သန်း၊ ၅.၇ ရာခိုင်နှုန်းအထိ တိုးလာမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၄၀ သန်း၊၂၀၂၆ ခုနှစ်တွင် တန်ချိန် ၄၅.၂ သန်းနှင့် ၂၀၂၇ ခုနှစ်တွင် တန်ချိန် ၅၈.၄ သန်းအထိ အသီးသီး တိုးတက်မည်ဖြစ်ကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ခန့်မှန်းထားပါသည်။

 

Source :       https://tass.ru/ekonomika/21979949

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia