Japan

လစာနှုန်းထားနှင့်ခရီးသွားဧည့်သည် လာရောက်မှုမြင့်တက်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ ပြည်တွင်းသုံးစွဲနိုင်စွမ်းမှာ မြင့်တက်ခဲ့

Last Updated:

လုပ်သားပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် အားနည်းချက်များ ဆက်လက်ဖြစ်ပေါ်လျက်ရှိသော်လည်း ငွေကြေးဖောင်းပွမှုကြောင့် ထိခိုက်မှုများဖြစ်ပေါ်ခဲ့သည့် ဂျပန်နိုင်ငံ၏ ပြည်တွင်းသုံးစွဲနိုင်စွမ်းမှာ ပြန်လည်ကောင်းမွန်လာလျက်ရှိကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် ဂျပန်ဗဟိုဘဏ်၏ စက်တင်ဘာလထုတ် စီးပွားရေးလုပ်ငန်းများ၏ သဘောထားအမြင် စစ်တမ်းတွင် နေထိုင်တည်းခိုမှုနှင့် စားသောက်ဆိုင် ဝန်ဆောင်မှုလုပ်ငန်းများ၏ စီးပွားရေးဆိုင်ရာ ညွှန်ကိန်းမှာ ၅၂ ရှိခဲ့ပြီး၊ ၂၀၂၄ ခုနှစ်၊ မတ်လတွင် စံချိန်တင် မြင့်တက်ခဲ့သည့်နှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ လက်လီကဏ္ဍအတွက် စီးပွားရေးဆိုင်ရာ ညွှန်ကိန်းမှာ ဇွန်လစစ်တမ်းတွင် ၁၉ ရှိခဲ့ရာမှ စက်တင်ဘာလစစ်တမ်းတွင်၂၈ သို့ မြင့်တက်ခဲ့ကြောင်းဖော်ပြထားပါသည်။

လက်လီအရောင်းလုပ်ငန်းဖြစ်သည့် Daimaru Matsuzakaya Department Stores ၏ ရောင်းအားမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ၅.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အလားတူအရောင်းစင်တာလုပ်ငန်းကြီးများ လုပ်ကိုင်လျက်ရှိသည့် Inageya ၏ ရောင်းအားမှာ ၃.၇ ခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ဝယ်လိုအားမှာလည်း ၃.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ Prince Hotel လုပ်ငန်းစုများ၏  အိမ်ခန်းရောင်းအားမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လတာ ကာလအတွင်း ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ဟိုတယ်အခန်းများ ငှားရမ်းမှုမှာ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသို့ လာရောက်ခဲ့သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ၏ သုံးစွဲမှု မြင့်မားခဲ့ခြင်းနှင့် ဂျပန်နိုင်ငံသားများ၏ လစာနှုန်းများ မြင့်တက်ခဲ့ခြင်းတို့ကြောင့် ပြည်တွင်းသုံးစွဲမှုကို မြင့်တက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ငွေကြေးဖောင်းပွမှုကို ထည့်သွင်းတွက်ချက်ထားသော ဂျပန်နိုင်ငံ၏ လစာနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လတွင် များပြားခဲ့ကြောင်း၊ ဂျပန်ဗဟိုဘဏ်၏ ပြည်တွင်းသုံးစွဲနိုင်မှုဆိုင်ရာ ညွှန်ကိန်းမှာလည်း ၂ လဆက်တိုက် မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံရှိ Uniqlo အထည်ဆိုင်များ၏ ရောင်းအားမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် မြင့်တက်ခဲ့ပြီး၊ ၈ လ ဆက်တိုက် မြင့်တက်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းအများစုအနေဖြင့် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်ခဲ့မှုကြောင့် ရောင်းချသည့် ကုန်စည်များ၏ ဈေးနှုန်းများလည်း တိုးမြှင့်သတ်မှတ်ခဲ့ကြကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ကုန်စည်အမျိုးအစား ၂,၉၁၁ မျိုး ဈေးနှုန်းမြင့်တက်လာမည်ဖြစ်ကြောင်း Teikoku Databank ၏ အချက်အလက်များအရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ဂျပန်စီးပွားရေးလုပ်ငန်းအများစုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ကုမ္ပဏီ၏ ရောင်းအားကို ၂.၃ ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားကြကြောင်း စက်တင်ဘာလထုတ် စစ်တမ်းတွင် ဖော်ပြထားကြောင်း၊ စီးပွားရေးလုပ်ငန်းများ၏ အခွန်မဆောင်မီ ရရှိသည့် အမြတ်ငွေပမာဏမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ၅.၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

စီးပွားရေးလုပ်ငန်းများတွင် အဓိကကြုံတွေ့နေရသည့် စိန်ခေါ်မှုမှာ လုပ်သားပြတ်လပ်မှု ဖြစ်ပြီး၊ ၁၉၉၁ ခုနှစ် နောက်ပိုင်းတွင် အဆိုးရွားဆုံး လုပ်သားပြတ်လပ်မှုဖြစ်ကြောင်း၊ လုပ်သားပြတ်လပ်မှုကို ဖြေရှင်းနိုင်ရေးအတွက် ဂျပန်နိုင်ငံရှိ အကြီးစားနှင့် အငယ်စားလုပ်ငန်းများအနေ ဖြင့် ထောက်ပံ့ကြေးများ ဆက်လက်ပံ့ပိုးပေးသွားရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် Suntory Holdings ကုမ္ပဏီအနေဖြင့် ၂၀၂၅ ခုနှစ်တွင် လစာနှုန်းထားကို ၇ ရာခိုင် နှုန်း တိုးမြှင့်ပေးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

Source: The Nikkei Asia 

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Category: Japan