Korea

တောင်ကိုရီးယားနိုင်ငံရှိ POSCO International Corporation သည် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့နေရာအနှံ့တွင် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်မှုကို အရှိန်မြှင့်တင်သွားမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံရှိ POSCO International Corporation ၏ ၂၀၂၄ ခုနှစ်အတွက် ဆောင်ပုဒ်ကို “ကမ္ဘာ့နေရာအနှံ့တွင် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ခြင်း (Global Expansion)” ဟု သတ်မှတ်ထားပြီး POSCO ၏ အဓိကစီးပွားရေးလုပ်ငန်းများသည် ကမ္ဘာ့တန်ဖိုးကွင်းဆက်တွင် ပါ ဝင်မှုကို တိုးတက်ခိုင်မာစေအောင်ပြုလုပ်ခြင်းဖြင့် POSCO ၏ တန်ဖိုး (သို့ဟုတ်) ဈေးကွက်တွင်း မတည်ရင်းနှီးငွေစုစုပေါင်း (Corporate Value (OR) Market Capitalization) နှင့် အစုရှယ်ယာ ရှင်တန်ဖိုး (shareholder value) တို့ကို မြှင့်တင်ရန် ရည်ရွယ်ထားသည်ဟု POSCO International Corporation  က ၇-၁-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂၀၂၃ ခုနှစ်အတွင်းက POSCO International Corporation သည် POSCO Energy နှင့် ပူးပေါင်းလိုက်သည့်အတွက် နှစ်အလိုက်လုပ်ငန်းအမြတ်ငွေသည် တောင်ကိုရီးယားဝမ်ငွေ ၁ ထရီ လီယံ (အ‌မေရိကန်ဒေါ်လာ ၇၆၀ သန်း) ကျော်ရရှိခဲ့ပါကြောင်း၊ ယင်းသို့ရရှိမှုသည် POSCO လုပ်ငန်းသမိုင်းကြောင်းတွင် အမြင့်မားဆုံးရရှိသည့် အမြတ်ငွေဖြစ်ပါကြောင်း၊ ယခုနှစ်တွင်လည်း အမြတ်ငွေပိုမိုရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံ ၄၇ နိုင်ငံတွင်ရှိသည့် အမျိုး မျိုးသော POSCO လုပ်ငန်းများစွာရှိသည့် အားသာချက်ကိုအသုံးချ၍ ထုတ်လုပ်မှုရင်းမြစ်များနှင့် တန်ဖိုးကွင်းဆက်တစ်ခုထူထောင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း  POSCO က ထုတ်ပြန် ကြေညာထားပါသည်။

၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်တွင် မက္ကဆီကိုနိုင်ငံတွင် Traction Motor Core (လျှပ်စစ်ကား များကို မောင်းနှင်အားအတွက် အဓိကအရေးပါသည့် စတီးလ်ဖြင့်ပြုလုပ်ထားသည့် အစိတ်အပိုင်း) များထုတ်လုပ်သည့်  စက်ရုံကို ထပ်မံတည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ အောက် တိုဘာလအတွင်းကလည်း မက္ကဆီကိုနိုင်ငံတွင် Traction Motor Core စက်ရုံကို ဦးစွာပထမ တည်ဆောက်ထားပြီးဖြစ်သည့်အတွက် ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်တွင်တည်ဆောက်မည့် စက်ရုံသည် ဒုတိယမြောက်စက်ရုံဖြစ်ပါကြောင်း၊  မြောက်အမေရိကတိုက်ရှိ လျှပ်စစ်ကားဈေးကွက်ကို ရယူရန် ရည်ရွယ်၍တည်ဆောက်မည်ဖြစ်ပါကြောင်းနှင့် ဥရောပတိုက်ရှိ လျှပ်စစ်ကားဈေးကွက်အတွက် လည်း Traction Motor Core စက်ရုံကို ပိုလန်နိုင်ငံတွင်၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း အမြန် ဆုံးတည်ဆောက်သွားမည်ဖြစ်ပါကြောင်း POSCO က ထုတ်ပြန်ကြေညာထားပါသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ၂၀၂၄ ခုနှစ်တွင် ဩစတြေးလျနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ဖက်စပ်လုပ်ငန်းများဆောင်ရွက်မည့် မိတ်ဖက်ရှာဖွေနေပါကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းတို့မှ ကောက်ပဲသီးနှံများ ပုံမှန်တင်ပို့ရောင်း ချနိုင်ရေးအတွက် စီစဉ်ရခြင်းဖြစ်ပါကြောင်း၊ အင်ဒိုနီးရှားတွင်လည်း စားအုန်းဆီစက်ရုံ တစ်ခုကို Chevron နှင့် တောင်ကိုရီးယားရှိ GS Group တို့ပိုင်ဆိုင်သည့် GS Caltex နှင့်ပူးပေါင်း၍ ၂၀၂၄ ခု နှစ်၊ ပထမနှစ်ဝက်အတွင်းတည်ဆောက်သွားမည်ဖြစ်ပါကြောင်း POSCO က ထုတ်ပြန်ကြေညာ ထားပါသည်။

စွမ်းအင်ရှာဖွေရေးနှင့်ထုတ်လုပ်မှုလုပ်ငန်းများအတွက် POSCO International သည် ဩစ တြေးလျနိုင်ငံ ဓါတ်ငွေ့သိုက်များမှ တင်သွင်းသွားမည်ဖြစ်သည့်အပြင် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စွမ်းအင်ရင်းမြစ်များကို ၂၀၂၄ ခုနှစ်အတွင်း ဆက်လက်ရှာဖွေသွားမည်ဖြစ်ပါ ကြောင်း၊ စီးပွားရေးပတ်ဝန်းကျင်တွင် ရင်ဆိုင်ကြုံတွေ့နေရသော တဖြည်းဖြည်းကြီးမားလာသည့် မသေချာမရေရာမှုများကို ကျော်လွှားနိုင်ရန်အတွက် POSCO သည် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရန်၊ တန်ဖိုးကွင်းဆက်များကို ချဲ့ထွင်နိုင်ရန်နှင့် မဟာဗျူဟာကျသော ပိုင်ဆိုင်မှုများကို ကြိုတင်ရရှိပိုင်ဆိုင်နိုင်စေရန် စဉ်ဆက်မပြတ်ကြိုးပမ်းနေမည်ဖြစ်ပါကြောင်း  POSCO International ၏ CEO နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ Mr. Jeong Tak က နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

 

 

Source: https://www.koreatimes.co.kr/www/tech/2024/01/129_366467.html

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea