Korea

တောင်ကိုရီးယားနိုင်ငံသည် ရေနံကြွယ်ဝသည့် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီအဖွဲ့ဝင် အာရပ်နိုင်ငံများနှင့် လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက် ချုပ်ဆိုခဲ့

Last Updated:

တောင်ကိုရီးယားနိုင်ငံနှင့် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (General of the Gulf Cooperation Council- GCC) အဖွဲ့ဝင်အာရပ်နိုင်ငံများအကြား လွတ်လပ် သော ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက် (Korea-GCC Free Trade Agreements- Korea-GCC FTA) ကို တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန (Ministry of Trade, Industry and Energy- MOTIE) ဝန်ကြီး Mr. Ahn Duk-geun နှင့် GCC ၏ အတွင်းရေးမှူး ချုပ် Mr. Jassim Muhammad Al-Budaiwi တို့သည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၈-၁၂-၂၀၂၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း MOTIE က သတင်းထုတ်ပြန်ခဲ့ပါသည်။

နှစ်နိုင်ငံအကြား FTA သည် တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းအားကို ခိုင်မာစေပြီး စွမ်းအင်လုံခြုံစိတ်ချရမှုကိုမြှင့်တင်ပေးနိုင်မည်ဖြစ်သည်ဟု ဝန်ကြီး Mr. Ahn Duk-geun က ပြောကြားခဲ့ပါသည်။ GCC တွင် အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်းနိုင်ငံ၊ ဆော်ဒီအာ ရေဗျနိုင်ငံ၊ အိုမန်နိုင်ငံ၊ ကာတာနိုင်ငံနှင့် ကူဝိတ်နိုင်ငံတို့ပါဝင်ပါသည်။

နှစ်နိုင်ငံအကြား FTA အတွက် ဆွေးနွေးမှုကို ၂၀၀၇ ခုနှစ်တွင်စတင်ခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်တွင် ခေတ္တရပ်နားခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ဆွေးနွေးမှုများပြန်လည်စတင်ခဲ့ပြီးနောက် အကြိမ်ပေါင်းများစွာဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပါကြောင်းနှင့် GCC နိုင်ငံများနှင့် ချုပ်ဆိုသည့် FTA သည် တောင်ကိုရီးယားနိုင်ငံ၏ ၂၅ ခုမြောက် FTA ဖြစ်ပါကြောင်း၊ FTA အရ အပြန်အလှန် အကောက်ခွန် လျှော့ချမည့်အစီအစဉ်သည် နှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ထပ်မံတိုးမြှင့် ပေးမည်ဖြစ်ပါကြောင်း MOTIE က သတင်းထုတ်ပြန်ခဲ့ပါသည်။

Korea-GCC FTA အရ အနှစ် ၂၀ အတွင်း အကောက်ခွန်နှုန်းထားများကို အဆင့်ဆင့် လျှော့ချသွားမည်ဖြစ်ပါသည်။ ပထမ ၁၀ နှစ်အတွင်း  GCC နိုင်ငံများမှ တင်သွင်းလာမည့် ကုန်စည် လိုင်းပေါင်း ၁၀,၅၈၁ လိုင်းပေါ်တွင် တောင်ကိုရီးယားနိုင်ငံက အကောက်ခွန်နှုန်းလျှော့ချကောက်ခံသွားပြီးနောက် ကုန်စည်လိုင်းပေါင်း ၁၁,၀၁၂ လိုင်းအထိတိုးချဲ့၍  ထပ်မံအကောက်ခွန်လျှော့ချ သွားမည်ဖြစ်ပါသည်။ GCC နိုင်ငံများကလည်း ပထမ ၁၀ နှစ်အတွင်း တောင်ကိုရီးယားနိုင်ငံမှ တင်သွင်းမည့်ကုန်စည်လိုင်းပေါင်း ၃,၆၂၁ လိုင်းအပေါ် အခွန်ကောက်ခံမှုကို ဖယ်ရှားပြီးနောက် ၆,၀၂၄ လိုင်းအထိ တိုးချဲ့၍ အကောက်ခွန်လျှော့ချသွားမည်ဖြစ်ပါသည်။ FTA အရ ယခုမှစ၍ နှစ် ၂၀ ပြည့်ပြီးနောက်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံသည် GGC နိုင်ငံများမှဝယ်ယူတင်သွင်းလာမည့် LNG (သဘာဝဓါတ်ငွေ့ရည်)၊ LPG (ရေနံဓါတ်ငွေ့ရည်)နှင့် အခြားသောရေနံထွက်ကုန်များ အပါအ ဝင် Tariff Lines (ကုန်စည်လိုင်း) စုစုပေါင်း၏ ၈၉.၉ ရာခိုင်နှုန်းအထိ အကောက်ခွန်ဖယ်ရှားပေး မည်ဖြစ်ပါသည်။ GCC နိုင်ငံများသည်လည်း တောင်ကိုရီးယားနိုင်ငံမှတင်သွင်းလာမည့် ကုန်စည် လိုင်းစုစုပေါင်း၏ ၇၆.၄ ရာခိုင်နှုန်းအထိ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုမည်ဖြစ် ပါသည်။

Korea-GCC FTA အကျိုးကျေးဇူးကြောင့် တောင်ကိုရီးယားနိုင်ငံမှ အာရပ်နိုင်ငံများသို့ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်အစိတ်အပိုင်းများ၊ စက်ပစ္စည်းများနှင့် လက်နက်များ တင်ပို့နိုင်မှု ပိုမိုမြင့်မားလာမည်ဟု မျှော်မှန်းထားပါကြောင်း၊ ထို့ပြင် ရေနံနှင့် ရေနံထွက်ပစ္စည်းများ တင်သွင်းမှုကို အခွန်လျှော့ချပေးထားသဖြင့် ပြည်တွင်းကုန်ထုတ်လုပ်သူများသည် စွမ်းအင်ကို ဈေးနှုန်းသက်သာစွာဖြင့် အသုံးချနိုင်မည်ဖြစ်ပါကြောင်း၊ အကျိုးဆက်အနေဖြင့် ကိုရီးယားနိုင်ငံ၏ ပို့ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာထုတ်လုပ်နိုင်မည်ဖြစ်သည့်အတွက် ကိုရီးယားနိုင်ငံမှ ပို့ကုန် တင်ပို့သူများအနေဖြင့် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းအားမြင့်မားလာမည်ဖြစ်ပါကြောင်း MOTIE က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

GCC နိုင်ငံများသည် ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် အခြားသောအဓိကနိုင်ငံများနှင့် FTA များ ချုပ်ဆိုရန် ဆွေးနွေးနေဆဲဖြစ်ပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံက အဆိုပါနိုင်ငံများထက် အချိန်စော၍ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည့်အတွက် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် တောင်ကိုရီး ယားနိုင်ငံတို့အကြား စီးပွားရေးဖွံ့ဖြိုးမှုတိုးတက်အောင် ချဲ့ထွင်နိုင်မည့်အခွင့်အလမ်း တစ်ရပ်ဖြစ်ပါကြောင်း MOTIE က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

Korea-GCC FTA သည် ၂၀၂၄ ခုနှစ်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့သွားရန် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ GCC နိုင်ငံ များ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အာဖရိကနိုင်ငံများနှင့်လည်း FTA များချုပ်ဆိုသွားနိုင်ရေး အရှိန်အဟုန်ဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း MOTIE ဝန်ကြီး Mr. Ahn Duk-geun က ပြောကြားခဲ့ပါသည်။

 

 

 

Source:https://www.koreatimes.co.kr/www/nation/2023/12/113_365946.html#:~:text=The%20GCC%20is%20comprised%20of,over%20the%20next%2020%20years.

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

 

 

 

Category: Korea