Germany

ဂျာမနီနိုင်ငံ၏ ပို့ကုန်တင်ပို့မှု မတ်လတွင် ကျဆင်းသွားခဲ့

Last Updated:

ဂျာမနီနိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် ၂၀၂၃ ခုနှစ်၊ မတ်လတွင်  ၅.၂ ရာခိုင်နှုန်းခန့် သိသာထင်ရှားစွာ ကျဆင်းခဲ့ပါသည်။

မျှော်မှန်းထားသည်ထက် ယခုကဲ့သို့ ကြီးမားစွာ ကျဆင်းရခြင်းမှာ ဥရောပအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ရှိ အဓိကကျသော ဈေးကွက်များမှ ဝယ်လိုအား ကျဆင်းလာ ခြင်းကြောင့် ဖြစ်ပါသည်။ ဂျာမနီနိုင်ငံအနေဖြင့်   မတ်လအတွင်း ပြည်ပသို့ ယူရို ၁၂၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄၂.၅ ဘီလီယံ) တန်ဖိုးရှိ ကုန်စည်များကိုသာ တင်ပို့နိုင်ခဲ့သဖြင့် ပို့ကုန် တန်ဖိုး သိသာစွာကျဆင်းခဲ့ရာ ယင်းသည် ဥရောပ၏ အကြီးမားဆုံးစီးပွားရေးဖြစ်သော ဂျာမနီ နိုင်ငံ၏ ခိုင်မာမှုအားနည်းပြီး တည်ငြိမ်မှုမရှိသည့်  အခြေအနေတစ်ရပ်ကို ဖော်ပြနေပါသည်။

ဂျာမနီနိုင်ငံ၏ စီးပွားရေးမှာ (၂) လဆက်တိုက် တိုးတက်မှုရှိခဲ့ပြီးမှ ယခုကဲ့သို့ ကျဆင်းလာခြင်း ဖြစ်ပါသည်။

ဂျာမနီမှ ဥရောပနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုတွင် ၆.၂ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုတွင် ၉.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

အမေရိကန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုသည် ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက ၁၀.၉ ရာခိုင်နှုန်းခန့် ကျဆင်းသွားသော်လည်း အမေရိကန်သည် မတ်လတွင် ဂျာမနီမှ ယူရို ၁၂.၅ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများကို တင်သွင်းခဲ့သဖြင့် အမေရိကန်အနေဖြင့် ယခုချိန်အထိ ထိပ်တန်းစားသုံးသူအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါသည်။

ဥရောပအဖွဲ့ဝင်မဟုတ်သော နိုင်ငံများ၏ ဂျာမနီမှ တင်သွင်းမှုများမှာ ယခင်လများနှင့် နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်းခန့် လျော့နည်းနေခဲ့ပါသည်။

ဂျာမန်ပို့ကုန်ကဏ္ဍတွင် ရာခိုင်နှုန်း အနည်းငယ် ပြန်လည်မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု မျှော်မှန်း ထားသော်လည်း ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်ကာလအတွင်း စီးပွားရေးတိုးတက်မှု နှောင့်နှေး နေဦးမည့်လက္ခဏာကို ထင်ဟပ်စေသည့် official data များကို ဂျာမနီက ၂၈-၄-၂၀၂၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

လတ်တလော ကမ္ဘာ့စီးပွားရေးအခြေအနေသည် ချောမွေ့မှုမရှိသည့်အတွက် ပို့ကုန်တင်ပို့မှု အများ အပြားအပေါ် အလေးထားရသော ဂျာမနီနိုင်ငံအနေဖြင့် ယင်းအကျိုးသက်ရောက်မှုကို ခံစားနေရ သည်ဟု VP ဘဏ်၏ စီးပွားရေးပညာရှင်ကြီးဖြစ်သော Thomas Gitzel က Reuters သတင်းဌာန သို့ပြောကြားခဲ့ပါသည်။

ထို့ပြင် အမေရိကန်၏စီးပွားရေး နှေးကွေးနေမှုသည် ဥရောပ၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီနိုင်ငံ၏ စီးပွားရေးကို ထိခိုက်လာနိုင်ကြောင်း စီးပွားရေးလေ့လာသူများက သတိပေး ထားပါသည်။

ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားနေခြင်း၊ အတိုးနှုန်းများမြင့်တက်နေခြင်းနှင့် ယူကရိန်းစစ်ပွဲနှင့်အတူ ကြီးထွားလာနေသော ပထဝီဝင်နိုင်ငံရေးမရေရာမှုများသည် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု ပြုလုပ် လိုသည့် စိတ်ခံစားချက်များအပေါ် သက်ရောက်မှုများ ရှိနေကြောင်း ထပ်လောင်း ပြောကြား ခဲ့ပါသည်။

သို့သော်လည်း လတ်တလော ဘာလင်၏ စီးပွားရေးဆုတ်ယုတ်မှုအတွက် စီမံခန့်ခွဲမှုများကို ဆောင်ရွက်သွားနိုင်ကြောင်း Hauck Aufhauser Lampe Privatbank မှ စီးပွားရေးပညာရှင်ကြီး Alexander Kruger က Reuters သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

ပို့ကုန်အဆင့်အတန်းကို တိုးမြှင့်နိုင်ပြီး ပစ္စည်းပြတ်လပ်မှုများ လျော့နည်းလာသည့်အတွက်  ပို့ကုန် မျှော်မှန်းချက်များလည်း မြင့်တက်လာနို်ငကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

 Source:        https://www.dw.com/en/german-exports-suffer-march-slump/a-

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany