China(Nanning)

ရှန်ဟိုင်းသည် တရုတ်နိုင်ငံ၏ ကော်ဖီလုပ်ငန်းကို အမေရိကန်ဒေါ်လာ (၄၀) ဘီလီယံနီးပါးအထိ ရောက်ရှိရန် တွန်းအားပေးခဲ့

Last Updated:

တရုတ်နိုင်ငံ၏ ကော်ဖီလုပ်ငန်းသည် လွန်ခဲ့သည့်နှစ် အနည်းငယ်အတွင်း သိသိသာသာ တိုးတက်မှုရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ယွမ်ငွေ (၂၆၅.၄) ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၆.၇ ဘီလီယံ) အထိရောက်ရှိလာကြောင်းနှင့် ထို့သို့တိုးတက်လာစေရန်အတွက် ရှန်ဟိုင်းသည် များစွာအထောက်အကူပြုခဲ့ကြောင်း ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာကော်ဖီပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ကြောင်း အစီရင်ခံစာတစ်ခုအရ သိရှိရပါသည်။

Hongqiao International Coffee Hub၊ Shanghai Jiao Tong University၊ အွန်လိုင်း ဝန်ဆောင်မှုပလပ်ဖောင်း Meituan နှင့် အစားအသောက်ပို့ဆောင်ရေးပလပ်ဖောင်း Eleme တို့မှ ပူးပေါင်းထုတ်ဝေသည့် China's Urban Coffee Development Report 2024 တွင် လွန်ခဲ့သောသုံးနှစ်အတွင်း တရုတ်ကော်ဖီလုပ်ငန်း၏ နှစ်အလိုက် ပျမ်းမျှစုပေါင်းတိုးတက်မှုနှုန်းသည် (၁၇.၁၄) % သို့ ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံတွင် တစ်ဦးချင်း ကော်ဖီသောက်သုံးမှုပမာဏသည် ၂၀၁၆ ခုနှစ်တွင် (၉) ခွက် သာရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် (၁၆.၇၄) ခွက်အထိ နှစ်ဆနီးပါးရှိလာသည်ဟု အစီရင်ခံစာ၌ ဖော်ပြ ထားကြောင်း သိရှိရပါသည်။

တစ်ချိန်တည်းတွင်ပင် ရှန်ဟိုင်းသည် ၂၀၂၃ ခုနှစ်အကုန်တွင် ကော်ဖီဆိုင်ပေါင်း (၉၅၅၃) ရှိကာ ကမ္ဘာတစ်ဝန်း၌ ကော်ဖီဆိုင်အရေအတွက် အများဆုံးအဖြစ် ဆက်လက်ဦးဆောင်နေ ကြောင်း သိရှိရပါသည်။

ရှန်ဟိုင်းရှိ ကော်ဖီဆိုင်အရေအတွက်သည် နိုင်ငံတစ်ဝန်းရှိ စုစုပေါင်းအရေအတွက်၏ (၆.၁) % ရှိပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ကော်ဖီဆိုင် (၁၀၂၃) တိုးလာသည်ဟု Shanghai Jiao Tong University ၏ သတင်းနှင့်ဆက်သွယ်ရေးကျောင်း၏ ဒုတိယဌာနမှူး Xu Jian က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တစ်ချိန်တည်းမှာပင် ရှန်ဟိုင်းသည် တရုတ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုအတွက် အရေးပါသောမြို့တစ်မြို့ဖြစ်လာပြီး နိုင်ငံခြားကော်ဖီလုပ်ငန်းများအတွက် အချက်အချာကျသောမြို့ဖြစ်လာကာ ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားကော်ဖီကုမ္ပဏီပေါင်း (၃၈၄,၈၅၉) အထိ ရောက်ရှိလာခဲ့ကြောင်း Xu က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ထွန်းကားလာသော ကော်ဖီယဉ်ကျေးမှုသည် ဒေသထွက်ကော်ဖီထုတ်ကုန်များဆီသို့ ကမ္ဘာတစ်ဝန်းမှ အာရုံစိုက်လာကာ လက်ဖက်အခြေခံကော်ဖီနှင့် လတ်ဆတ်အုန်းစိမ်းကော်ဖီကဲ့သို့ သော တရုတ်လူမျိုးများ အထူးနှစ်သက်သော ကော်ဖီများကို ပိုမိုဆန်းသစ်တီထွင်လာကြကြောင်း Xu မှ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အစားအသောက်ပို့ဆောင်ရေးပလပ်ဖောင်း Eleme ၏ အချက်အလက်အရ ရှန်ဟိုင်းရှိ ကော်ဖီဝယ်ယူသည့် အမှာစာများသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း (၄၀) ရာခိုင်နှုန်း တိုးလာကာ အဓိကကော်ဖီသောက်သုံးသူအုပ်စုသည် အသက် (၂၈) နှစ်မှ (၄၃) နှစ်အကြားဖြစ်ကြောင်း သိရှိရပါသည်။

မကြာသေးမီနှစ်များအတွင်း အသက် (၁၂) နှစ်မှ (၂၇) နှစ်အကြား စားသုံးသူများ၏ ကော်ဖီအမှာစာများ တိုးလာသောကြောင့် အနာဂတ်တွင် အလားအလာရှိသော စားသုံးမှုစွမ်းအား ဖြစ်လာနိုင်ကြောင်းနှင့် Eleme မှတစ်ဆင့် ကော်ဖီအမှာစာတင်သူ (၇၀) ရာခိုင်နှုန်းနီးပါးမှာ အမျိုးသမီးများဖြစ်ကြောင်း Eleme မှ ပြည်သူ့ရေးရာ ဒါရိုက်တာ Cheng Yuanyuan က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရှန်ဟိုင်းတစ်မြို့တည်း၌ပင် ပါဆယ်ရောင်းချသည့် ကော်ဖီအရေအတွက်သည် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံအတွင်းရှိ မြို့အားလုံး၏ (၂၀) ရာခိုင်နှုန်းအထိ ရှိသည်ဟု Cheng မှ ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

ရှန်ဟိုင်းသည် တရုတ်ကော်ဖီယဉ်ကျေးမှု၏ မွေးရပ်မြေဖြစ်ပြီး ကော်ဖီသည် မြို့ပြယဉ်ကျေးမှု၏ ထူးခြားသောသင်္ကေတတစ်ခု ဖြစ်လာကြောင်းနှင့် ယနေ့အချိန်၌ ရှန်ဟိုင်းသည် ကော်ဖီသောက်သုံးမှုတွင် ကမ္ဘာ့အဆင့်မီမြို့တစ်ခုဖြစ်လာပြီး ကမ္ဘာတစ်ဝန်းမှ လူငယ်များကို ရှန်ဟိုင်းသို့လာရန်၊ ရှန်ဟိုင်းတွင်နေရန်နှင့် ရှန်ဟိုင်းကို ချစ်မြတ်နိုးရန် အရေးကြီးသော အကြောင်းပြချက်တစ်ခုလည်းဖြစ်သည်ဟု ရှန်ဟိုင်းမြူနီစပယ်၏ ပြည်သူ့ဆက်ဆံရေးဌာန လက်ထောက်အကြီးအကဲ Wang Yayuan က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ် ရှန်ဟိုင်း နိုင်ငံတကာ ကော်ဖီယဉ်ကျေးမှုပွဲတော်သည် Lavazza နှင့် Costa ကဲ့သို့သော နိုင်ငံတကာအမှတ်တံဆိပ်များနှင့် ဒေသတွင်း အထူးကော်ဖီအမှတ်တံဆိပ်များ အပါအဝင် ကော်ဖီဆိုင်ပေါင်း (၁၈၀) ကျော်ကို ဆွဲဆောင်ခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ်ကော်ဖီယဉ်ကျေးမှုပွဲတော်သည် ခရိုင် (၁၆) ခုအပြင် Lin-gang New Area နှင့်လည်း ပူးပေါင်းကာ Bund Finance Center တွင် Bund Coffee Festival၊ Changning ခရိုင်၌ ကော်ဖီဒရာမာပွဲတော်၊ ပူတူအိုခရိုင်ရှိ ကော်ဖီစခန်းချခြင်း ယဉ်ကျေးမှုပွဲတော်နှင့် Minhang ခရိုင်ရှိ ကမ္ဘာ့ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်စသည့် ပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: https://www.chinadaily.com.cn/a/202405/01/WS6631eea3a31082fc043c5022.html  

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)