ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ပြည်တွင်းစားသုံးမှု မြင့်တက်လာခြင်းကြောင့် ၂၀၂၅ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၃.၈ သန်းထိ ရှိနိုင်ကြောင်း Food and Agriculuture Organization (FAO) မှ ခန့်မှန်းထားပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းထားရှိခဲ့သည့် ဆန်တင်သွင်းမှု မက်ထရစ်တန်ချိန် ၃.၅ သန်း၏ ၈.၅% ထိ တိုးမြင့်ခန့်မှန်းထားခြင်းဖြစ်ပါ သည်။ ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်စားသုံးမှုသည် လက်ရှိထက် ၁.၄% တိုးမြင့်ပြီး ဆန်တန်ချိန် မက်ထရစ်တန် ၁၇.၅ သန်းထိရှိနိုင်ကြောင်း United Nations Agency မှ ခန့်မှန်းထားကြောင်း ဖော်ပြပါရှိပါသည်။
ပြည်တွင်းဆန်ဈေးနှုန်းများ ကျဆင်းစေရန် ရည်ရွယ်ပြီး ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းထားအား ၁၅% သို့ လျှော့ချခြင်းကို ၂၀၂၈ ခုနှစ်ထိ ဆက်လက် လျှော့ချပေးမည့် အမိန့်ကြော်ငြာစာအမှတ် ၆၂ အား သမ္မတမားကို့စ်မှ အတည်ပြုထုတ်ပြန်ခဲ့ပါသည်။ အကောက်ခွန်နှုန်းထား အသစ်များအတွက် ပြန်လည်သုံးသပ်ခြင်းကို ၄ လတစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ပါသည်။
Bureau of Plant and Industry မှ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ၂၀-၆-၂၀၂၄ ရက်နေ့အထိ မက်ထရစ်တန်ချိန် ၂.၂၈ သန်း တင်သွင်းခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်တွင်းစိုက်ပျိုးထွက်ရှိမှု Milled Rice သည် FAO မှ ခန့်မှန်း တွက်ချက်ထားသည့် မက်ထရစ်တန်ချိန် ၁၃.၃ သန်းထက် တိုးမြင့်၍ ၁၃.၃၇ သန်းထိ ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၃ ခုနှစ်က Milled Rice မက်ထရစ်တန်ချိန် ၁၃ သန်းနှင့်ညီမျှသည့် Unmilled Rice မက်ထရစ်တန်ချိန် ၂၀.၀၆ သန်း စိုက်ပျိုးထွက်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ပြည်တွင်းစားသုံးမှု တရိပ်ရိပ် မြင့်တက်လာခြင်း ကြောင့် ၂၀၃၃ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၅.၁ သန်းထိ ရှိနိုင်ကြောင်းကိုလည်း Food and Agriculuture Organization -FAO မှ ခန့်မှန်းထားရှိပြီး အဆိုပါပမာဏသည် ကမ္ဘာ့စုစုပေါင်း ဆန်တင်သွင်းမှု၏ ၈% ထိရှိပါကြောင်း၊ ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်စားသုံးမှုသည် ၂၀၃၃ ခုနှစ် တွင် မက်ထရစ်တန်ချိန် ၁၃.၉ သန်းထိရှိနိုင်ပြီး ကမ္ဘာ့စုစုပေါင်းဆန်စားသုံးမှု၏ ၃% ထိရှိနိုင်သည်ဟုလည်း ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။
လူဦးရေများတိုးမြင့်လာသဖြင့် ဆန်စားသုံးမှုမြင့်တက်လာခြင်းကြောင့် အာရှနိုင်ငံများ၏ ဆန်စားသုံးမှုသည် ခန့်မှန်းတွက်ချက်ခဲ့သည့်အတိုင်းပင် ၆၆% ထိမြင့်တက်ခဲ့ပြီး လွန်ခဲ့သော ၁၀ စုနှစ် ကာလအတွင်း နှုန်းတူမြင့်တက်နေသောကြောင့် ကမ္ဘာ့စုစုပေါင်းဆန်စားသုံးမှုသည်လည်း နှစ်စဉ် ၀.၉% ထိ တိုးမြင့်လာနိုင်ကြောင်း ခန့်မှန်းတွက်ချက်ထားပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းဆန် စိုက်ပျိုးထွက်ရှိမှုသည် Milled Rice မက်ထရစ်တန်ချိန် ၁၄.၈ သန်းနှင့် ညီမျှသည့် ပမာဏထိ ထွက်ရှိနိုင်ကြောင်း FAO မှ ခန့်မှန်းထားပါသည်။
ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လ ပထမ ၆ လပတ် ကာလအတွင်း မက်ထရစ်တန်ချိန် ၂.၂၈ သန်း တင်သွင်းခဲ့ပြီးဖြစ်သဖြင့် ၂၀၂၃ ခုနှစ်၊ အလားတူကာလနှင့် နှိုင်းယှဉ်မည်ဆိုပါက ၂၄% မြင့်တက်ခဲ့ပါကြောင်း၊ သို့ရာတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ တစ်လတည်း ကြည့်မည်ဆိုပါက ၁၆၀,၄၄၈ မက်ထရစ်တန်တင်သွင်းခဲ့သည့်အတွက် ၂၀၂၃ ခုနှစ်၊ အလားတူကာလ နှင့်နှိုင်းယှဉ်မည်ဆိုပါက ၂၈% ကျဆင်းခဲ့သည်ကိုတွေ့ရှိရပြီး အကြောင်းရင်းမှာ အစိုးရမှ ဆန်တင်သွင်းမှုအပေါ် အခွန်နှုန်းလျှော့ချပေးသည့် အမိန့်ကြော်ငြာစာအမှတ် ၆၂ အား ဇွန်လက ထုတ်ပြန်ခဲ့သည့်အတွက် ဆန်တင်သွင်းသူများ၏ shipment delay များ ဖြစ်ပေါ်ခဲ့မှုကြောင့် ဖြစ်ပါသည်။
လက်ရှိ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့နေသည့် နိုင်ငံများတွင် ဗီယက်နမ်နိုင်ငံသည် ထိပ်တန်းနိုင်ငံအဖြစ် ပထမနေရာတွင် ဆက်လက်ရပ်တည်နေပြီး ဆန်တင်သွင်းမှု စုစုပေါင်း၏ ၇၄% ခန့်ရှိပါကြောင်း၊ ထိုင်းနိုင်ငံမှ ဒုတိယနေရာ၊ ပါကစ္စတန်မှတတိယနေရာနှင့် မြန်မာနိုင်ငံမှ စတုတ္ထနေရာတို့တွင် အသီးသီးရပ်တည်လျက်ရှိပါသည်။
အယ်နီညိုနှင့်လာနီညာသက်ရောက်မှုများကြောင့် ပြည်တွင်းဆန်စိုက်ပျိုးထွက်ရှိမှုနှုန်းများ ကျဆင်းနိုင်သည့်အတွက် ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှလည်း ပြည်တွင်းဆန်ကုန်သည်ကြီး များနှင့် ဆန်တိုးမြင့်တင်သွင်းရန် သဘောတူညီမှုများရှိနေပါကြောင်း လေ့လာတင်ပြအပ်ပါသည်။
Source; https:// www.bworldonline.com/economy/2024/07/04/606329/phl-rice-imports-seen-at-3-8-mmt-in-2025-
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)
 
                         
                        