Korea

တောင်ကိုရီးယားနိုင်ငံ၏ ကင်မ်ချီတင်ပို့မှုကို ၂၀၂၇ ခုနှစ်တွင် နှစ်ဆမြှင့်တင်ရန်ရည်မှန်းထား

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ အဓိကအစားအစာဖြစ်သည့် ကင်မ်ချီထုတ်လုပ်သည့် လုပ်ငန်းကဏ္ဍကို  မြှင့်တင်ရန်ရည်ရွယ်၍ ပြည်ပနိုင်ငံများသို့ ကင်မ်ချီတင်ပို့မှုအား ၂၀၂၇ ခုနှစ်တွင် နှစ်ဆမြှင့်တင်ကာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ အထိရရှိနိုင်ရန် စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းကို စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိဆောင်ရွက်မည့် (၅) နှစ်တာ စီမံချက်နှင့်တကွ ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂၀၁၈ ခုနှစ်က ထုတ်ပြန်ပြဌာန်းခဲ့သည့် ကင်မ်ချီထုတ်လုပ်သည့် လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအက် (Kimchi Industry Promotion Act)  တွင် နိုင်ငံ၏ ရိုးရာကင်မ်ချီလုပ်ငန်းကိုအား ဖြည့်ပေးမည့် အထွေထွေစီမံချက်များကို (၅) နှစ်လျှင်တစ်ကြိမ် ထုတ်ပြန်ကြေညာရမည်ဟု ပြဌာန်းထားသည့်အတွက် ယခုလို (၅) နှစ်တာစီမံချက် ပြဌာန်းရခြင်းဖြစ်ပါကြောင်း၊ အဆိုပါစီမံချက်အရ ၂၀၂၇ ခုနှစ်တွင် နိုင်ငံ၏ကင်မ်ချီတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ အထိရရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံသည် ကင်မ်ချီတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၁ သန်းရရှိခဲ့ပါကြောင်း စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။

ရည်မှန်းချက်အတိုင်း ပို့ကုန်ဝင်ငွေတိုးမြှင့်နိုင်ရေးအတွက် ဝန်ကြီးဌာနသည် ကင်မ်ချီအချဉ်ဖောက်ခြင်းဖြစ်စဉ်အတွက် လိုအပ်သော အဏုဇီဝပိုးမွှားများ (microorganisms) များအရေအတွက်ကို နှစ်ဆတိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ အဏုဇီဝပိုးမွှားများကို ကင်မ်ချီတင်ပို့သည့် အငယ်စားနှင့် အလတ်စား လုပ်ငန်းရှင်များအား  ဖြန့်ဝေမှုကိုလည်း ၂၀၂၂ ခုနှစ်တွင် ၁၈.၄ ရာခိုင်နှုန်းသာ ဖြန့်ဝေနိုင်ခဲ့သော်လည်း ၂၀၂၇ ခုနှစ်တွင် ၉၀ ရာခိုင်နှုန်းအထိ ဖြန့်ဝေသွားရန် စီစဉ်နေပါကြောင်း၊ ကင်မ်ချီတင်ပို့ရာတွင်လည်း ပြည်ပမှ စားသုံးသူများစိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်ရန် အမျိုးအစားအမျိုးမျိုး (ဥပမာ ဆားနည်းသောကင်မ်ချီ၊ သားသတ်လွတ်ကင်မ်ချီ စသည်ဖြင့်) ပြုလုပ်သွားမည် ဖြစ်ပါကြောင်းနှင့် ပြည်ပသို့တင်ပို့ရာတွင် လမ်းခရီးကြာမြင့်ချိန်ကာလအတွင်း အချဉ်ပေါက်မှုနှုန်း နှေးကွေးစေမည့် နည်းပညာများ တိုးတက်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။

အထက်ပါစီမံချက်များအပြင် ကိုရီးယားကင်မ်ချီကို ကမ္ဘာ့နိုင်ငံများက ပိုမို၍ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် နိုင်ငံ (၁၅) နိုင်ငံတွင်လည်း ကင်မ်ချီနေ့ (Kimchi Day) ပွဲတော်များကိုလည်း ၂၀၂၇ ခုနှစ်တွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းရှိ ကင်မ်ချီလုပ်ငန်းနှင့် ဆက်စပ်သော အေဂျင်စီများအတွက် အကြံပေးအဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါအဖွဲ့တွင် စိုက်ပျိုးရေး-ငါးလုပ်ငန်းများနှင့် စားနပ်ရိက္ခာကုန်သွယ်ရေးကော်ပိုရေးရှင်း (Agro-Fisheries & Food Trade Corporation) နှင့် ကမ္ဘ့ာကင်မ်ချီသိပ္ပံ (World Institute of Kimchi) တို့ပါဝင်ဖွဲ့စည်းထားမည်ဖြစ်ပြီး တောင်ကိုရီးယား၏ ကင်မ်ချီတင်ပို့မှုကိုမြှင့်တင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လစာရင်းအရ  ကင်မ်ချီတင်ပို့မှုဝင်ငွေသည် အမေရိကန်ဒေါ်လာ ၈၁ သန်း အထိရောက်ရှိခဲ့ရာ ယခင်နှစ်ကတင်ပို့မှုဝင်ငွေဖြစ်သည့် အမေရိကန်ဒေါ်လာ ၇၇ သန်းထက် ၄.၈ ရာခိုင်နှုန်း မြင့်မားလာခဲ့ပါကြောင်း၊ အဆိုပါပမာဏသည် နိုင်ငံ၏ တစ်နှစ်ပျမ်းမျှတင်ပို့မှုဝင်ငွေဖြစ်သည့် အမေရိကန်ဒေါ်လာ ၆၇ သန်းထက်ပင် ၂၀.၃ ရာခိုင်နှုန်း မြင့်မားနေပြီဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ပထမ (၆) လအတွင်း ဂျပန်နိုင်ငံသို့ တင်ပို့မှုအများဆုံး ဖြစ်ခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပဈေးကွက်များက တောင်ကိုရီးယား၏ ကင်မ်ချီကို ဝယ်လိုအားမြင့်မားလာပြီး ဒုတိယနှင့် တတိယနေရာကို ရရှိထားပါကြောင်း စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။

သို့ဖြစ်ပါ၍ အာရှတွင် စတုတ္ထမြောက် စီးပွားရေးအင်အားအကြီးဆုံး တောင်ကိုရီးယားနိုင်ငံသည် ၎င်းတို့ရိုးရာစားသောက်ကုန်တစ်ခုဖြစ်သည့် ကင်မ်ချီတင်ပို့မှု မြှင့်တင်နိုင်ရေးအတွက် စီမံဆောင်ရွက်ရာတွင် ဥပဒေပြုမှုအပိုင်းမှစ၍ တင်ပို့မှုလမ်းကြောင်းတစ်လျှောက်တွင် ကြုံတွေ့ရမည့် ဖြစ်နိုင်ခြေများအလယ် စားသုံးသူတစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့် အကြိုက်တို့အထိ စ၊ လယ်၊ ဆုံး ထည့်သွင်းစဉ်းစား၍ ပို့ကုန်မြှင့်တင်ရေး စီမံဆောင်ရွက်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း မိမိတို့ တင်ပို့မှုမြှင့်တင်လိုသည့် ကုန်စည်တစ်ခုချင်းစီအတွက် ယခုကဲ့သို့ အသေးစိတ်စီမံချက်ချဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာ့ပို့ကုန်များ တင်ပို့မှုမြှင့်တင်နိုင်ရေး အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း  သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source; https://www.koreaherald.com/view.php?ud=20230807000675&np=1&mp=1

(ဒေါ်ပပ၊ စီးပွားရေးသံမှူး၊ ကိုရီးယားသမ္မတနိုင်ငံ)

Category: Korea