China(Nanning)

ပြည်ပမှဝယ်လိုအား များလာ၍ တရုတ်နိုင်ငံမှ လော်စစ်ဖန်ခေါက်ဆွဲများ ရောင်းချရမှု မြင့်တက်လာ

Last Updated:

တရုတ်နိုင်ငံမြောက်ပိုင်း Tianjin မြို့ရှိ ခေါက်ဆွဲဆိုင်များတွင် ကီလိုမီတာ (၂၀၀၀) ကျော်အကွာရှိ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လျှိုကျိုးမြို့ (Liuzhou) ၏ ထင်ရှားကျော်ကြားသည့် အစားအစာဖြစ်သော လော်စစ်ဖန် (Luosifen) မျှစ်ခရုခေါက်ဆွဲကို လူကြိုက်များလာကြောင်း သိရှိရပါသည်။

လျှိုကျိုးဒေသမှ အနံ့အရသာပြင်းသော လော်စစ်ဖန် (Luosifen) မျှစ်ခရုခေါက်ဆွဲသည် မကြာသေးမီနှစ်များအတွင်း တရုတ်အစားအစာများကြားတွင် ခေတ်စားလာခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အသွားအလာကန့်သတ်ထားသောအချိန်တွင် ၎င်း၏ အသင့်စားထုပ်ပိုးမှုပုံစံသည် လူကြိုက်အများဆုံး အစားအစာများထဲမှ တစ်ခုဖြစ်လာကြောင်း သိရှိရပါသည်။

တရားဝင်အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် လျှိုကျိုးမြို့မှထုတ်လုပ်သည့် အသင့်စား လော်စစ်ဖန်ခေါက်ဆွဲထုပ်များသည် ဝင်ငွေယွမ် (၁၈.၂) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၆ ဘီလီ ယံခန့်) ရရှိခဲ့ပြီး ယခင်နှစ်ထက် (၁၉.၆) ရာခိုင်နှုန်း တိုးလာကာ ယင်းမြို့ရှိ လုပ်ငန်းကွင်းဆက်တစ်ခုလုံး တိုးတက်လာကြောင်း၊ ၎င်းနှင့်ဆက်စပ်သည့် ပါဝင်ပစ္စည်းများ စိုက်ပျိုးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းနှင့် ယဉ်ကျေးမှုခရီးသွားလုပ်ငန်းအထိ ဆက်စပ်လုပ်ငန်းများသည် နှစ်စဉ်၀င်ငွေ (၂၀) ရာခိုင်နှုန်းနီးပါး တိုးတက်ခဲ့ပြီး ယွမ် (၆၀)ဘီလီယံကျော်အထိရရှိခဲ့ကြောင်း သိရှိရပါသည်။

ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို ရုတ်သိမ်းပြီးနောက်တွင်ပင် လော်စစ်ဖန် ခေါက်ဆွဲဝယ်လိုအားသည် ဆက်လက်မြင့်တက်နေကြောင်း သိရှိရပါသည်။ လျှိုကျိုးမြို့ရှိ e-commerce လုပ်ငန်းတစ်ခုသည် တစ်ရက်လျှင် အသင့်ထုပ်ပိုးထားသည့် လော်စစ်ဖန် ခေါက်ဆွဲထုပ်ပေါင်း (၁၀၀,၀၀၀) ကျော်ကို နိုင်ငံတစ်ဝှမ်းမှ ဝယ်ယူသူများထံ ရောင်းချပေးလျက်ရှိကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်တွင် လျှိုကျိုးမြို့မှ ရောင်းချသော လော်စစ်ဖန်‌ ခေါက်ဆွဲထုပ် အရေအတွက်သည် (၅၄) သန်းကျော်ရှိခဲ့ကြောင်း လျှိုကျိုးမြို့စာတိုက်မှ ထုတ်ပြန်သော စာရင်းဇယားများအရ သိရှိရပါသည်။

လော်စစ်ဖန်ခေါက်ဆွဲသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်ကြီးထွားလာသည်နှင့်အမျှ လျှိုကျိုးအစိုးရသည် အဆိုပါလုပ်ငန်းကို စံချိန်စံညွှန်းသတ်မှတ်ရန်နှင့် လော်စစ်ဖန်ခေါက်ဆွဲကို နိုင်ငံရပ်ခြားတွင် ဈေးကွက်ရရှိရန်အတွက် အမိန့်ကြော်ငြာစာများ၊ လမ်းညွှန်ချက်များနှင့် အစီအစဉ်များစွာကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

လျှိုကျိုးအကောက်ခွန်အာဏာပိုင်များ၏ အချက်အလက်များအရ လျှိုကျိုးမြို့မှတင်ပို့သော လော်စစ်ဖန်‌ခေါက်ဆွဲပမာဏသည် ယခင်နှစ်ထက် (၂၅) ရာခိုင်နှုန်းတိုးလာခဲ့ပြီး ယခုနှစ်၊ ပထမနှစ်ဝက်တွင် တန်ချိန် (၁၂၈၀.၅) အထိ ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ စင်ကာပူနှင့် မလေးရှားတို့သည် တန်ဖိုးအရ လော်စစ်ဖန် ခေါက်ဆွဲတင်သွင်းသည့် နိုင်ငံစာရင်းတွင် ထိပ်ဆုံးမှရပ်တည်နေကြောင်း သိရှိရပါသည်။

ယခုအချိန်အထိ လော်စစ်ဖန်‌ခေါက်ဆွဲလုပ်ငန်းတွင် အဓိကကုမ္ပဏီ (၅၄) ခုရှိပြီး ပို့ကုန်လိုင်စင်လည်း ရရှိထားပြီးဖြစ်သည်ဟု လျှိုကျိုးအကောက်ခွန်၏ လက်ထောက်အကြီးအကဲ Huang Xu က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လော်စစ်ဖန်ခေါက်ဆွဲ တင်ပို့မှုနယ်ပယ်တွင် ပထမဆုံးခြေချခဲ့သည့် လုပ်ငန်းတစ်ခုဖြစ်သည့် Guangxi Luobawang Brand Management Co., Ltd. သည် ယခုနှစ်၊ ပထမခြောက်လအတွင်း ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၃.၈၄) သန်းခန့် ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်၊ အလားတူကာလထက် (၃၄) ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရှိရပါသည်။ ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်တွင် အဆိုပါ ကုမ္ပဏီသည် ဥရောပသို့ လော်စစ်ဖန်ခေါက်ဆွဲ အမေရိကန်ဒေါ်လာ (၄၀၀၀၀) ဖိုး တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်သစ်ကို ထိုးဖောက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

လျှိုကျိုးမြို့မှ လော်စစ်ဖန်ခေါက်ဆွဲထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုရန် မြန်မာနိုင်ငံမှ ဆန်ကွဲများကို တင်ပို့ရောင်းချလျက်ရှိရာ ယခုကဲ့သို့ လော်စစ်ဖန်ခေါက်ဆွဲ ထုတ်လုပ်မှုတိုး တက်လာပြီး ပြည်တွင်းဈေးကွက်၌သာမက ပြည်ပဈေးကွက်၌ပါ ဝယ်လိုအားများလာခြင်းသည် မြန်မာနိုင်ငံမှ ဆန်ကွဲများ ပိုမိုတင်ပို့ရောင်းချနိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်ပါကြောင်း သုံးသပ်ရပါသည်။

 

 

 

Source: https://english.news.cn/20230807/016a0980b1c243b6a8112eaa4aa00da5/c.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)