Vietnam

အာရှ၏ အကြီးဆုံးအပျော်စီးသင်္ဘောဖြင့် ကမ္ဘာလှည့်ခရီးသည် ၄၄၀၀ ညချမ်းသို့ရောက်ရှိ

Last Updated:

အာရှ၏ အကြီးဆုံးအပျော်စီးသင်္ဘောကြီးဟု သတ်မှတ်ခံရသော Spectrum of the Seas သင်္ဘောကြီးဖြင့် ကမ္ဘာလှည့်ခရီးသည်ပေါင်း ၄,၄၀၀ သည် ဗီယက်နမ်နိုင်ငံ၏ အပန်းဖြေမြို့ဖြစ်သည့် ညချမ်းမြို့သို့ ကြာသပတေးနေ့က ရောက်ရှိခဲ့ကြောင်း၊ ၎င်းသည် ယခုနှစ်အတွင်း ညချမ်းသို့ ပထမဆုံးရောက်ရှိသည့် အပျော်စီးသင်္ဘောဖြစ်ကြောင်း Khanh Hoa ၏ သတင်းပေါ်တယ်က ဖော်ပြခဲ့သည်။

ကုန်းတွင်းပိုင်းသို့ ရောက်ရှိပြီးနောက် ကမ္ဘာလှည့်ခရီးသည်များသည် အဏ္ဏဝါဗေဒသိပ္ပံ (Oceanogra phy) ၊ပုဏဂါတာဝါ (Ponagar Tower) ၊ သူဝုန်ဆန် (Truong Son) လက်မှုပညာရွာတို့သို့ လည်ပတ်ကြပြီး ဗင်ပါး (Vinpearl) ဖျော်ဖြေရေး အဆောက်အအုံတွင် စားသောက်ခြင်းနှင့် စျေးဝယ်ခြင်း ဝန်ဆောင်မှုများကိုရယူခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် တောင်ပိုင်းပြည်နယ် Ba Ria-Vung Tau ရှိ Phu Mu ဆိပ်ကမ်းသို့ ခရီးဆက်ကြကြောင်း၊ ယခုနှစ်အတွင်း နိုင်ငံခြားအပျော်စီးသင်္ဘော ၄၀ ကျော်လာရောက်လည်ပတ်ရန် စီစဉ်ထားကြောင်း၊ နိုင်ငံခြားခရီးသွား ဧည့်သည်သောင်းနှင့်ချီ၍ လိုက်ပါလာမည်ဖြစ်ကြောင်း ပြည်နယ်ခရီးသွားလာရေးဦးစီးဌာန အဆိုအရသိရသည်။

၂၀၂၃ ခုနှစ်အစပိုင်းတွင် Khanh Hoa သို့ အပျော်စီးသင်္ဘော ၂၅ စီးဖြင့် နိုင်ငံခြားခရီးသွား ၄၆,၀၀၀ လာရောက်ခဲ့သည်။ Royal Caribbean International မှ စီစဉ်ဆောင်ရွက်သည့် Spectrum of the Seas သင်္ဘောသည် ၃၄၇ မီတာ ရှည်လျားပြီး၊ ကုန်းပတ်အခန်း ၁၆ ခန်း၊ အခန်းပေါင်း ၂,၀၀၀ ကျော်နှင့် ခရီးသည် ၅,၆၀၀ ဆံ့ကြောင်းသိရသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်း ခရီးသွား ၁၂.၆ သန်းကို ကြိုဆိုနိုင်ခဲ့ပြီး ၎င်းသည် ကပ်ရောဂါအကြိုကိန်းဂဏန်း၏ ၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ယခုနှစ်တွင်လည်း ခရီးသွား ၁၈ သန်း ဝင်ရောက်ရန် ရည်မှန်းထားရှိကြောင်း သိရှိရပါသည်။

ခရီးသွားကဏ္ဍတိုးတက်မှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အသေးစားလုပ်ငန်းများအတွက် ဝင်ငွေများဖန်တီးပေးခြင်း၊ အခွန်အခများဖြင့် အစိုးရဝင်ငွေများ မြှင့်တင်ပေးခြင်းစသည့် စီးပွားရေးအပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ရရှိလာမည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: VN express International

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam