China(Nanning)

တရုတ်နိုင်ငံ၏ ၂၀၂၃ ခုနှစ်အတွက် သစ်သီးဝလံတင်သွင်းမှုနှင့် တင်ပို့မှု ကိန်းဂဏန်းများ ထုတ်ပြန်ခဲ့

Last Updated:

မကြာသေးမီက China Chamber of Commerce for Import and Export of Foodstuffs, Native Produce and Animal By-Products မှ ထုတ်ပြန်သော အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ သစ်သီးတင်သွင်းမှုသည် မက်ထရစ်တန်ချိန် (၇.၅၂) သန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁၆.၈၅) ဘီလီယံ ရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တန်ချိန်အားဖြင့် (၃) % နှင့် တန်ဖိုးအားဖြင့် (၁၅) % အသီးသီး မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့အတူ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ သစ်သီးဝလံတင်ပို့မှု စုစုပေါင်းမှာ တန်ချိန် (၃.၈၇) သန်းနှင့် အမေရိကန်ဒေါ်လာ (၄.၉၈) ဘီလီယံရှိခဲ့ပြီး တန်ချိန်အားဖြင့် (၁၉) % နှင့် တန်ဖိုးအားဖြင့် (၈) % အသီးသီးတိုးတက်လာခဲ့ကြောင်း၊ ထူးခြားသည်မှာ ၂၀၂၃ ခုနှစ်သည် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း တရုတ်နိုင်ငံ၏ သစ်သီးတင်သွင်းမှုနှင့် တင်ပို့မှုနှစ်ခုစလုံး တိုးတက်မှုကို တွေ့ကြုံခဲ့သည့် ပထမဆုံးနှစ်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့မှု ထိပ်တန်း (၁၀) နိုင်ငံမှာ ထိုင်း (ဒေါ်လာ ၇.၀၆ ဘီလီယံ၊ + 12 % YOY)၊ ချီလီ (ဒေါ်လာ ၃.၂ ဘီလီယံ၊  − 4 % YOY)၊ ဗီယက်နမ် (ဒေါ်လာ ၂.၈၄ ဘီလီယံ၊ + 123% YOY)၊ ဖိလစ်ပိုင် (ဒေါ်လာ ၆၄၀ သန်း၊ −4%YOY)၊ နယူးဇီလန် (ဒေါ်လာ ၆၀၀ သန်း၊ −5%YOY)၊ ပီရူး (ဒေါ်လာ ၅၀၀ သန်း၊ −12 % YOY)၊ ဩစတြေးလျ(ဒေါ်လာ ၂၈၀ သန်း၊  +33%YOY)၊ မလေးရှား (ဒေါ်လာ ၂၇၀ သန်း၊  +29% YOY)၊ တောင်အာဖရိက (ဒေါ်လာ ၂၅၀ သန်း၊ −4%YOY) နှင့် အင်ဒိုနီးရှား (ဒေါ်လာ ၂၂၀ သန်း၊ +5%YOY) တို့ဖြစ်ကြောင်း သိရှိရပါသည်။ {*YOY= တစ်နှစ်ထက်တစ်နှစ် (Year over Year)}

အများဆုံးတင်သွင်းခဲ့သည့် သစ်သီးအမျိုးအစားများမှာ လတ်ဆတ်သောဒူးရင်းသီး၊ ချယ်ရီသီး၊ အေးခဲထားသော ဒူးရင်း၊ ငှက်ပျောသီး၊ မင်းဂွတ်သီးနှင့် အုန်းသီးများဖြစ်ကြောင်း၊ အဆိုပါအမျိုးအစား (၆) မျိုးသည် တရုတ်နိုင်ငံ၏ စုစုပေါင်း သစ်သီးတင်သွင်းမှု၏ (၇၆) % ရှိကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် လတ်လတ်ဆတ်ဆတ် ဒူးရင်းသီးတင်သွင်းမှုတန်ဖိုးသည် ဒေါ်လာ (၆.၇၂) ဘီလီယံ (+၆၆% YOY) နှင့် တန်ချိန်အားဖြင့် (၁.၄၃)သန်း (+၇၃ % YOY)  အသီးသီးရှိခဲ့ကြောင်း၊  ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် တရုတ်နိုင်ငံသို့ တရားဝင် ဈေးကွက်ဝင်ရောက်ခွင့်ရရှိပြီးနောက် ဗီယက်နမ်နိုင်ငံမှ ဒူးရင်းသီး တင်သွင်းမှုသည် တန်ချိန် (၄၉၃,၀၀၀) ရှိခဲ့ပြီး ယခင်နှစ်ထက် (၁,၁၀၀)% တိုးတက်လာခဲ့ကာ ဈေးကွက်ဝေစု၏ (၃၅) % ခန့်ကို လျင်မြန်စွာရယူနိုင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှ ဒူးရင်းသီးတင်သွင်းမှုသည် တန်ချိန်အားဖြင့် (၉၂၉,၀၀၀) ရှိခဲ့ပြီး ယခင်နှစ်ထက်(၁၈%) တိုးတက်လာခဲ့သော်လည်း ဈေးကွက်ဝေစုအားဖြင့် ၉၅ % မှ ၆၅ % အထိ ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် လတ်လတ်ဆတ်ဆတ် ချယ်ရီသီး တင်သွင်းမှုတန်ဖိုးသည် ဒုတိယနေရာ၌ရှိခဲ့ပြီး စုစုပေါင်းဒေါ်လာ (၂.၆၅) ဘီလီယံ (-၄% YOY) တန်ချိန်အားဖြင့် (၃၄၇၀၀၀) (-၅ % YOY) ရှိခဲ့ကြောင်း၊ အထူးသဖြင့် ချီလီနိုင်ငံမှ ချယ်ရီသီးတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ (၂.၅၅) ဘီလီယံ (−၅ % YOY) ၊ တန်ချိန်အားဖြင့် (၃၃၄၀၀၀) (−၇% YOY) ရှိခဲ့ပြီး တရုတ်နိုင်ငံ၏ ချယ်ရီသီးတင်သွင်းမှုစုစုပေါင်း၏ (၉၉) % ရှိခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ အေးခဲဒူးရင်းသီးများကို အဓိကတင်ပို့ ရောင်းချခဲ့ပြီး စုစုပေါင်းတင်ပို့မှုမှာ ခန့်မှန်းခြေအားဖြင့် ဒေါ်လာ (၇၇၀) သန်း (+၁၉% YOY) နှင့် တန်ချိန်အားဖြင့် (၁၀၈,၀၀၀) (+၁၂% YOY) ရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏နောက်တွင် မလေးရှားနိုင်ငံသည် အေးခဲဒူးရင်း သီးတင်ပို့မှု တန်ဖိုးဒေါ်လာ (၂၇၀) သန်း (+၃၄ % YOY)နှင့် တန်ချိန်အားဖြင့် (၂၅,၀၀၀)တန် (+၄၇ % YOY) ရှိကြောင်း၊ ဗီယက်နမ်မှ တရုတ်နိုင်ငံသို့ အေးခဲဒူးရင်းသီး တင်ပို့မှုဆိုင်ရာ စံချိန်စံညွှန်းများကို မကြာမီ အသိပေးမည်ဖြစ်၍ တရုတ်ဈေးကွက်အတွင်း၌ ယှဉ်ပြိုင်မှု ပိုမိုပြင်းထန်လာမည်ဖြစ်ကြောင်း အစီရင်ခံစာအရ သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ငှက်ပျောသီးတင်သွင်းမှုသည် ၂၀၂၃ ခုနှစ်တွင် တန်ဖိုးအားဖြင့် ဒေါ်လာ (၁.၀၈) ဘီလီယံ (−7%YOY) နှင့် တန်ချိန်အားဖြင့် (၁.၇၇) သန်း (−2%YOY) ရှိခဲ့ကြောင်း၊ အဓိက တင်ပို့သည့်နိုင်ငံများမှာ ဖိလစ်ပိုင် (၆၈၆,၀၀ တန်၊ −5%YOY) ၊ ဗီယက်နမ် (၅၀၆,၀၀၀ တန်၊ +8% YOY) ၊ အီကွေဒေါ (၂၆၆,၀၀၀ တန်၊ +33%YOY) နှင့် ကမ္ဘောဒီးယား (၂၆၃,၀၀၀ တန်၊ −22% YOY) တို့ဖြစ်ကြကြောင်း၊ အဆိုပါနိုင်ငံများသည် တရုတ်နိုင်ငံ၏ ငှက်ပျောသီး တင်သွင်းမှုစုစုပေါင်း ပမာဏ၏ (၉၇) % ခန့်ကို ဈေးကွက်ရရှိထားကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် မင်းဂွတ်သီး တင်သွင်းမှုသည် တန်ချိန် (၂၄၂,၀၀၀) (+16% YOY) နှင့် ဒေါ်လာသန်း (၇၃၀) (+16% YOY) ရှိခဲ့ပြီး ထိုင်းနိုင်ငံမှ တန်ချိန် ၂၀၇,၀၀၀ (+13% YOY) ၊ တန်ဖိုး အားဖြင့် ဒေါ်လာ (၆၂၀) သန်း (+14% YOY) နှင့် အင်ဒိုနီးရှားမှ တန်ချိန် (၃၅,၀၀၀) (+36% YOY) ၊ တန်ဖိုးအားဖြင့် ဒေါ်လာ (၁၁၀) သန်း (+31% YOY) အသီးသီး တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အုန်းသီးတင်သွင်းမှုသည် စုစုပေါင်းတန်ချိန် (၁.၁၈) သန်း (+10% YOY) ၊ တန်ဖိုးအားဖြင့် ဒေါ်လာ (၅၈၀) သန်းရှိခဲ့ပြီး ထိုင်း (တန်ချိန် ၅၈၉,၀၀၀၊ +2% YOY) နှင့် ဗီယက်နမ် (တန်ချိန် ၂၂၃,၀၀၀၊ +1% YOY) တို့မှ အဓိကတင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်သစ်သီးများအတွက် ထိပ်တန်းပို့ကုန်စျေးကွက် (၁၀) ခုမှာ ဗီယက်နမ် (ဒေါ်လာ ၁.၂၃ ဘီလီယံ၊ +3% YOY)၊ ထိုင်း (ဒေါ်လာ ၆၀၀ သန်း၊ −10% YOY)၊ အင်ဒိုနီးရှား (ဒေါ်လာ ၅၅၀ သန်း၊ −2% YOY)၊ ဟောင်ကောင် (ဒေါ်လာ ၃၉၀ သန်း၊ −3%YOY)၊ ဖိလစ်ပိုင် (ဒေါ်လာ ၃၂၀ သန်း၊ +3%YOY)၊ ရုရှား (ဒေါ်လာ ၂၆၀ သန်း၊ +44%YOY)၊ မလေးရှား (ဒေါ်လာ ၂၁၀ သန်း၊ +0% YOY)၊ ကာဂျစ္စတန် (ဒေါ်လာ ၂၁၀ သန်း၊ +163% YOY)၊ ဘင်္ဂလားဒေ့ရှ် (ဒေါ်လာ ၁၈၀ သန်း၊ +0%YOY)နှင့် အမေရိကန်ပြည်ထောင်စု (ဒေါ်လာ ၁၇၀ သန်း၊ +0% YOY) တို့ဖြစ်ပြီး၊ ၂၀၂၃ ခုနှစ်အတွင်း အများဆုံးတင်ပို့သော သစ်သီးအမျိုးအစားများတွင် ပန်းသီး၊ လိမ္မော်သီး (mandarins နှင့် satsumas အပါအဝင်)၊ စပျစ်သီး၊ သစ်တော်သီးနှင့် ဂရိတ်ဖရုသီးများ ပါဝင်ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် ပန်းသီး တန်ချိန် ၇၉၆,၀၀၀ (−3%YOY) ၊ တန်ဖိုးအားဖြင့် ဒေါ်လာ (၉၇၀)သန်း (-7% YOY) ကို တင်ပို့ခဲ့ပြီး အဓိကတင်ပို့ခဲ့သည့်နိုင်ငံများမှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ လိမ္မော်သီး (mandarins နှင့် satsumas အပါအဝင်) တင်ပို့မှုသည် ၈၃၂,၀၀၀ မက်ထရစ်တန် (+41% YOY)နှင့် ဒေါ်လာ (၈၅၀)သန်း (+19% YOY) ရှိခဲ့ကြောင်း၊  ဗီယက်နမ်၊ ကာဂျစ္စတန်၊ အင်ဒိုနီးရှား၊ ရုရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် မလေးရှားတို့သို့ အဓိက တင်ပို့ခဲ့ကြောင်း သိရှိရပါ သည်။

ထို့အတူ လတ်ဆတ်သော စပျစ်သီးတင်ပို့မှု ပမာဏမှာ တန်ချိန် (၄၈၃,၀၀၀) နှင့် ဒေါ်လာ (၈၁၀) သန်းရှိပြီး ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့သို့ အဓိက တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် သစ်တော်သီး တန်ချိန် (၄၇၉,၀၀၀)၊ တန်ဖိုးအားဖြင့် ဒေါ်လာ (၅၄၀) သန်း တင်ပို့ခဲ့ပြီး အဓိက တင်ပို့သည့်နိုင်ငံများမှာ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း သိရှိရပါ သည်။

ဂရိတ်ဖရုသီးတင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် တန်ချိန် (၁၉၁,၀၀၀) နှင့် ဒေါ်လာ (၁၇၀) သန်း ရှိခဲ့ပြီး နယ်သာလန်နှင့် ရုရှားနိုင်ငံတို့သို့ အများဆုံးတင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

 

Source: https://www.producereport.com/article/chinas-2023-fruit-import-export-statistics-released

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး)

Category: China(Nanning)