Vietnam

ဗီယက်နမ်နိုင်ငံ၏ တူနာငါးထုတ်ကုန်များအား ကမ္ဘာတစ်ဝှမ်းရှိ စျေးကွက် ၈၀ ခုသို့ တင်ပို့လျက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ရေထွက်ကုန်များ တင်ပို့မှုသည် ယခုနှစ် ပထမသုံးလပတ်တွင် အပြုသဘောဆောင်သော တိုးတက်မှုများရရှိခဲ့ကြောင်း၊ ပြုပြင်ထားသော တူနာငါးများ အပါအဝင် ပင်လယ်စာတင်ပို့မှုအတွက် အလားအလာကောင်းများဖြစ်ကြောင်း Vietnam Net Global အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏ အဆိုအရ တူနာငါးသေတ္တာတင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၅၃ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း၊ ယခင်နှစ်ပမာဏထက် ၂၁ ရာခိုင်နှုန်း တိုးလာကာ အမေရိကန်ဒေါ်လာ ၁၉၆ သန်းကျော် ရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

VASEP ၏ တူနာငါးဈေးကွက်ကျွမ်းကျင်သူ Nguyen Ha က ဗီယက်နမ်တူနာငါး တင်ပို့သူများသည် ယခုနှစ်အစပိုင်းမှစပြီး တင်ပို့သည့်ဈေးကွက် အောင်မြင်စွာ ချဲ့ထွင်နိုင်ကြောင်း ပြောကြားခဲ့သည်။ ယခင်နှစ် အလားတူကာလအတွင်း ဈေးကွက် ၇၀ ကျော်သို့ တင်ပို့ခဲ့နိုင်ခဲ့ပြီး ယခုနှစ် ပထမသုံးလပတ်တွင် တူနာငါးထုတ်ကုန်များသည် ဈေးကွက် ၈၀ ကျော်သို့ ရောက်ရှိခဲ့ကြောင်းသိရှိရပါသည်။

အမေရိကန်နှင့် အီးယူသို့ တူနာငါးတင်ပို့မှု ကျဆင်းခဲ့သော်လည်း ကျန်ဈေးကွက်များမှာ သိသိသာသာ တိုးတက်လာကြောင်း ၊အထူးသဖြင့် ပစိဖိတ်သမုဒ္ဒရာနှင့် ထိစပ်နေသော နိုင်ငံ ၁၁ နိုင်ငံကြား ကုန်သွယ်ရေးသဘောတူညီချက်ရှိသည့် (CPTPP) ဈေးကွက်များသို့ ပို့ကုန် တူနာငါး တင်ပို့မှုမှာ ဆက်လက်တိုးလာခဲ့သည်။ အထူးသဖြင့် ကနေဒါနှင့် ချီလီသို့ တင်ပို့မှုမှာ ၁၄၆ ရာခိုင်နှုန်းနှင့် ၁၁၆ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန (ITC) မှ စာရင်းအင်းများအရ ဗီယက်နမ်နိုင်ငံသည် ထိုင်းနှင့် အီတလီပြီးလျှင် ၂၀၂၃ ခုနှစ်တွင် Canada အတွက် တတိယအကြီးဆုံး တူနာငါး ရောင်းချသူဖြစ်ကြောင်း သိရှိရပါသည်။

မကြာသေးမီနှစ်များအတွင်း ကနေဒါစားသုံးသူများသည် တူနာအပါအဝင် ရေထွက်ကုန်များ စားသုံးမှု လျော့ကျသွားခြင်းကြောင့် ပြီးခဲ့သည့်နှစ်အတွင်း ကနေဒါနိုင်ငံ၏ အဓိကရောင်းချသူများထံမှ တူနာတင်သွင်းမှု သိသိသာသာ လျော့ကျသွားခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် စျေးနှုန်းသက်သာသော ပရိုတင်းရင်းမြစ်များကို ရွေးချယ်ခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော်လည်း မြောက်အမေရိကနိုင်ငံ၏ ရေထွက်ပစ္စည်း စားသုံးမှု ၀ယ်လိုအားသည် လာမည့်ငါးနှစ်အတွင်း တိုးလာမည်ဟု ခန့်မှန်းထားသောကြောင့် ကနေဒါသို့ ဗီယက်နမ်နိုင်ငံသို့ တူနာငါးတင်ပို့မှု ပြန်လည်ကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း VASEP ကိုယ်စားလှယ်၏ အဆိုအရ သိရှိရပါသည်။

ဥရောပတွင် ပေါ်တူဂီသည် အီးယူနိုင်ငံများတွင် ဗီယက်နမ်တူနာငါး တင်သွင်းမှုတွင် ဆဋ္ဌမမြောက်အကြီးဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ပြီး ယခုနှစ် ပထမသုံးလပတ်တွင် အမေရိကန် ဒေါ်လာ ၂၂၀,၀၀၀ ကျော် တင်သွင်းခဲ့ပြီး ယခင်နှစ်အလားတူကာလထက် နှစ်ဆပိုမို များပြားခဲ့ သည်။ အဆိုပါကိန်းဂဏန်းသည် အနည်းငယ်မျှသာဖြစ်သော်လည်း ၎င်းသည် ဗီယက်နမ်မှ တူနာငါးများကို အဆိုပါဈေးကွက်သို့ တင်ပို့ရန်အတွက် အလားအလာကောင်းများကို ဖော်ပြ လျက်ရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ၏ ရေထွက်ပစ္စည်းတင်ပို့မှု၏ အပြုသဘောဆောင်သော တိုးတက်မှုသည် အနာဂတ်ကာလအတွက် အလားအလာကောင်းများဖြစ်ပြီး ပေါ်တူဂီကဲ့သို့သော ဥရောပဈေးကွက်များတွင် ဝယ်လိုအား ကြီးမားလာခြင်းသည် ဗီယက်နမ်နိုင်ငံ၏ တူနာငါးတင်ပို့သူများအတွက် စာသုံးသူဈေးကွက်အရင်းအမြစ်ကွဲပြားစေပြီး အနာဂတ်စီးပွားရေးခိုင်မာစေမည့် အခွင့်အလမ်းများဖြစ်ပါကြောင်း သုံးသပ်တင်ပြရပါသည်။

 

 

Source: Vietnam Net Global

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam