China (HongKong)

ကုန်စည်ကူးပြောင်းတင်ချမှု အစီအစဉ်တိုးချဲ့လိုက်သည့် ဟောင်ကောင်ဒေသ

Last Updated:

လွတ်လပ်စွာကုန်သွယ်မှု သဘောတူစာချုပ်များအောက်မှ ခွင့်ပြုဆောင်ရွက်နေသည့် ဟောင်ကောင်ဒေသ၌ ကုန်စည်ကူးပြောင်းတင်ချမှု လွယ်ကူချောမွေ့ရေးအစီအစဉ်၌ ဟောင်ကောင်ဒေသမှတစ်ဆင့် တရုတ်ပြည်မမှ စင်ကာပူနိုင်ငံသို့ ပို့ဆောင်မည့် ကုန်စည်များကိုပါ တိုးချဲ့၍ ထည့်သွင်းသွားမည်ဖြစ်ကြောင်း ဟောင်ကောင်ဒေသ အစိုးရမှ “Transhipment scheme extended” ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

မူလအစီအစဉ်တွင် တရုတ်ပြည်မနှင့် ကုန်သွယ်ဖက်နိုင်ငံများအကြား ချုပ်ဆိုထားသော လွတ်လပ်စွာကုန်သွယ်မှုသဘောတူစာချုပ် ၁၉ ခု အရ ဟောင်ကောင်ဒေသမှတစ်ဆင့် နိုင်ငံ/ ဒေသပေါင်း ၆၇ ခုမှ တရုတ်ပြည်မသို့ ကူးပြောင်းတင်ချသည့်ကုန်စည်များနှင့် လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ် ၅ ခုအောက်မှ ဟောင်ကောင်ဒေသမှတစ်ဆင့် တရုတ်ပြည်မမှ ထိုင်ဝမ်၊ ကိုရီးယားနှင့် ဩစတြေးလျသို့ ကူးပြောင်းတင်ချသည့် ကုန်စည်များ အကျုံးဝင်ခွင့်ပြုထားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

တိုးချဲ့ခွင့်ပြုမှု အစီအစဉ်သစ်အရ ဟောင်ကောင်ဒေသမှ ကုန်သည်များအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ အကောက်ခွန်ဌာနတွင် တရုတ်ပြည်မနှင့် အာဆီယံတို့အကြား ချုပ်ဆိုထားသည့် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူညီချက်နှင့် တရုတ် ပြည်မနှင့် စင်ကာပူနိုင်ငံတို့အကြား ချုပ်ဆိုထားသည့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူ စာချုပ် သို့မဟုတ် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အောက်မှ ဟောင်ကောင်ဒေသမှတစ်ဆင့် တရုတ်ပြည်မမှ စင်ကာပူနိုင်ငံသို့ ကူးပြောင်းတင်ပို့သည့် ကုန်စည်များအတွက် အကောက်ခွန်သက်သာခွင့် ရယူနိုင်မည့် Certificate of Non-Manipulation ကို လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသမှတစ်ဆင့် ကူးပြောင်းတင်ချသည့် ကုန်စည်များကို ဒေသ၌ထားရှိသည့်ကာလအတွင်း အခြားတစုံတရာထပ်မံ လုပ်ဆောင်ရန် မလိုအပ်သည့် certificate of non-manipulation ထုတ်ပေးခြင်းနှင့် အကောက်ခွန်ဌာနမှ စောင့်ကြည့်ပေးသော ဝန်ဆောင်မှုပေးသည့် လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ်များအောက်မှ ကုန်စည်ကူးပြောင်းတင်ချမှု လွယ်ကူချောမွေ့ရေး အစီအစဉ်ကို ဟောင်ကောင်ဒေသ အကောက်ခွန်ဌာနမှ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဟောင်ကောင်ဒေသတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)