Thailand

ထိုင်းနိုင်ငံ ဘိလပ်မြေထုတ်လုပ်သူများက ဘိလပ်မြေထုတ်လုပ်ရာတွင် စွန့်ပစ်ပစ္စည်းကို ပြန်လည် အသုံးပြုရန် စိတ်အားထက်သန်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၏ အဓိက ဘိလပ်မြေစက်ရုံများတည်ရှိရာ ဆာရာဘူရီ (Saraburi) ကို စွန့်ပစ်ပစ္စည်း မှ စွမ်းအင်အဖြစ်ပြောင်းလဲခြင်းဖြင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၏ စံနမူနာနေရာအဖြစ် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းဘိလပ်မြေထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ Mr. Chana Poomee က ပြောကြားခဲ့ပါသည်။

အသင်းအနေဖြင့် “Ignitable Waste Pallets” ပြုလုပ်မည့် ကနဦးစမ်းသပ်စီမံချက်တစ်ခု ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘိလပ်မြေထုတ်လုပ်ရာတွင် လောင်စာအဖြစ် အသုံးပြုရန် တင်သွင်းလာ သည့် ကျောက်မီးသွေးနေရာတွင် အစားထိုးသွားမည် ဖြစ်ကြောင်း၊ ဘိလပ်မြေထုတ်လုပ်သူများသည် မိုင်းခွဲခြင်း၊ ဘိလပ်မြေစက်ရုံများနှင့် အနားရှိ ပြည်သူများထံမှ စွန့်ပစ်ပစ္စည်းကို လောင်စာအသစ် ပြု လုပ်ရန် အသုံးပြုနိုင်ပါကြောင်း၊ ပြည်နယ်အတွင်း စွန့်ပစ်ပစ္စည်း လျှော့ချရန် ရည်ရွယ်ပါကြောင်း၊ Tam Diao ခရိုင်ခွဲသည် ဘိလပ်မြေစက်ရုံ ၇ ခုရှိပြီး ထုံးကျောက်တောင်များနှင့် နီးကပ်ပါကြောင်း၊ ထုံး ကျောက်တွင်းများသည် ဘိလပ်မြေထုတ်လုပ်ရာတွင် အလွန်အရေးပါပါကြောင်း Mr. Chana က ဆက်လက်ပြောကြားခဲ့သည်။

ဆာရာဘူရီသည် မြို့ပြဖြစ်ခြင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ထွန်းကားလာမှုကြောင့် အမှိုက်များ များပြာလာသဖြင့် ကောင်းမွန်သော စီမံခန့်ခွဲမှုလိုအပ်ပါကြောင်း၊ စွန့်ပစ်ပစ္စည်းပြဿနာကို ဖြေရှင်းမှု အသစ်အဖြစ် အစိုးရအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် နေထိုင်သူများပါဝင်သော “Saraburi Sand-box” ကို စတင်ခဲ့ပါကြောင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုမှသည် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု နမူနာပုံစံကို အခြားသော ပြည်နယ်များတွင် အသုံးချခြင်းဖြင့် အစိုးရ၏ net-zero ရည်မှန်းချက်ကို လည်း အောင်မြင်စေရန်ဖြစ်ပါကြောင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် စွန့်ပစ်ပစ္စည်းမှ စွမ်းအင် ရရှိရန် အထောက်အကူဖြစ်ပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“Saraburi Sandbox” သည် အစိုးရ၏ ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု လျှော့ချမည့် ကတိကဝတ်ကိုလည်း အထောက်အကူပြုနိုင်ပါကြောင်း၊ ထိုင်းနိုင်ငံသည် ၂၀၆၅ ခုနှစ်တွင် net-zero ဖြစ်ရန် ဆောင်ရွက်သွားမည်ဟု ၂၆ ကြိမ်မြောက် ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုညီလာခံတွင် ကြေညာခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘာနိုင်ငံအများစုသည် အစားထိုးလောင်စာအသုံးပြုခြင်းဖြင့် သန့်ရှင်းသောစွမ်းအင် ဖြစ်စေ ရေး၊ လောင်ကျွမ်းခြင်းဖြင့် ရရှိလာသော စွမ်းအင်များကို အသုံးပြုခြင်းကို လျော့နည်းစေရေး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များ တိုးမြှင့်အသုံးပြုရန် တိုက်တွန်းလျက်ရှိပါသည်။ ထိုင်းနိုင်ငံသည်လည်း အစားထိုးလောင်စာအသုံးပြုခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို လျှော့ချရန် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: Thailand