USA

စီးပွားရေးလုပ်ငန်းအသစ်များပေါ်ပေါက်လာမှုကို ဖယ်ရှားနိုင်သည့် တရုတ်နိုင်ငံ၏ သွင်းကုန်များအား အမေရိကန်နိုင်ငံက လက်ခံမည်မဟုတ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet L. Yellen က ပြောကြားခဲ့

Last Updated:

စီးပွားရေးလုပ်ငန်းအသစ်များ ပေါ်ပေါက်လာမှုကို ဖယ်ရှားနိုင်သည့် တရုတ်နိုင်ငံ၏ သွင်းကုန်များကို အမေရိကန်နိုင်ငံက လက်ခံမည်မဟုတ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet L. Yellen က ပြောကြားခဲ့သည်ဟု Voice Of America (VOA) အွန်လိုင်းသတင်း၌ ၈-၄-၂၀၂၄ ရက်တွင် “Yellen says US will not accept Chinese imports decimating new industries” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Ms. Janet L. Yellen က ၎င်း၏ တရုတ်နိုင်ငံခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးလုပ်ငန်းအသစ်များ ပေါ်ပေါက်လာမှုကို ဖယ်ရှားနိုင်သည့် တရုတ်နိုင်ငံ၏ သွင်းကုန်များကို အမေရိကန်နိုင်ငံက လက်ခံမည်မဟုတ်ဟု ပြောကြားခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၏ သွင်းကုန်များကြောင့် အမေရိကန်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍရှိ အလုပ်အကိုင်ပေါင်း (၂) သန်းခန့် ဆုံးရှုံးခဲ့ရကြောင်း၊ ယင်းအခြေအနေ ထပ်မံဖြစ်ပေါ်လာနိုင်မည့် “China Shock” ဖြစ်လာမည်ကို သမ္မတဂျိုးဘိုင်ဒင်အနေဖြင့် လက်သင့်ခံမည်မဟုတ်ကြောင်း၊ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး၏ ခရီးစဉ်သည် ပြည်တွင်းစားသုံးမှုကို များစွာကျော်လွန်နေသော်လည်း စက်မှုလုပ်ငန်းများတည်ထောင်ရန် ထောက်ပံ့နေသည့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံများရှိ စက်မှုလုပ်ငန်းများအပေါ် ခြိမ်းခြောက်နေခြင်းနှင့် ပတ်သက်၍ ဆွေးနွေးရန်ဖြစ်ကြောင်း၊ ယင်းကိစ္စရပ်များကို ဆွေးနွေးသွားရန် ဖိုရမ်များ ကျင်းပသွားမည်ဖြစ်ပြီး အဖြေရရှိရန် အချိန်လိုအပ်ပါကြောင်း၊ ၎င်းအနေဖြင့် တရုတ်အစိုးရအရာရှိကြီးများနှင့် အမေရိကန်နိုင်ငံ၏ အကျိုး စီးပွားကို တိုးမြှင့်ဆောင်ရွက်သွားရန် အမြင်ဖလှယ်ခဲ့ပြီး တရုတ်စက်မှုလုပ်ငန်းများ၏ အလွန်အကျွံ ထုတ်လုပ်မှုအပေါ် စိုးရိမ်မှုသည် အမေရိကန် တစ်နိုင်ငံတည်းသာမဟုတ်ဘဲ အမေရိကန်၏ မိတ်ဖက်များဖြစ်သော ဥရောပ၊ ဂျပန်၊ မက္ကဆီကို၊ ဖိလစ်ပိုင်နှင့် အခြားထွန်းသစ်စနိုင်ငံများကလည်း အလားတူ သဘောထားများရှိကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံဘက်ကလည်း အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့က မကြာသေးမီက မီးမောင်းထိုးပြခဲ့ကြသည့် တရုတ်နိုင်ငံ စက်မှုလုပ်ငန်းများ၏ အလွန်အကျွံထုတ်လုပ်မှုဆိုသည်မှာ လွဲမှားသည့် ကိစ္စရပ်ဖြစ်ကြောင်း၊ အဓိကကျသည့် စက်မှုလုပ်ငန်းများတွင် တရုတ်ကုမ္ပဏီများ၏ တီထွင်ဖန်တီးမှုများနှင့် ပတ်သက်၍ ဝေဖန်ခြင်းနှင့် ယင်းလုပ်ငန်းများ တိုးတက်မှုအပေါ် အစိုးရ၏ အထောက်အပံ့ပေးမှုတို့ကို ချဲ့ကားပြောဆိုခြင်းဖြစ်သည်ဟု တရုတ်အစိုးရအရာရှိများက ပြောကြားခဲ့ပါကြောင်း၊ ထို့အပြင် အကောက်ခွန်တိုးမြှင့်သတ်မှတ်ခြင်းနှင့် အခြားကုန်သွယ်မှုဆိုင်ရာ ဖြတ်တောက်မှုများသည် ကမ္ဘာ့စားသုံးသူများ၏ သန့်စင်သော စွမ်းအင်သုံးပစ္စည်းများ ရယူအသုံးပြုခွင့်အပေါ် ပိတ်ပင်ခြင်းဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ယာဉ်ကုန်သွယ်မှုအပေါ် ဖြတ်တောက်ခြင်းသည် ကမ္ဘာ့လျှပ်စစ်မော်တော်ယာဉ် ဈေးကွက်တိုးတက်မှုကို ပိတ်ပင်ရာရောက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ယာဉ်ကုမ္ပဏီများသည် အစိုးရ၏ အထောက်အပံ့ထက် နည်းပညာတီထွင်ဆန်းသစ်မှု၊ ပြီးပြည့်စုံသည့်ထုတ်လုပ်မှုနှင့် Supply Chain System တိုးတက်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်မှုတို့အပေါ် အလေးထားလုပ်ကိုင်ခြင်းဖြစ်သည်ဟု တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Wang Wentao က အစိုးရအထောက်အပံ့ပေးမှုနှင့် ပတ်သက်၍ ဥရောပသမဂ္ဂ၌ စုံစမ်းစစ်ဆေးမှုပြုလုပ်စဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံအနေဖြင့် အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော်ယာဉ်များ၏ အစိတ်အပိုင်းအချို့ကို စုံစမ်းစစ်ဆေးခြင်း၊ လျှပ်စစ်မော်တော်ယာဉ်အသုံးပြုမှုအပေါ် အစိုးရထောက်ပံ့ကြေးပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည့်အပြင် တရုတ်နိုင်ငံဘက်ကလည်း အမေရိကန်နိုင်ငံအနေဖြင့် ဈေးကွက်အတွင်း မျှတသည့်ယှဉ်ပြိုင်မှုကို ပျက်ပြားစေပြီး ခွဲခြားဆက်ဆံသည်ဟုဆိုကာ အမေရိကန်နိုင်ငံကို WTO တွင် တိုင်ကြားခဲ့ပါကြောင်းနှင့် အမေရိကန်-တရုတ် ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံမှုများအကြား ပြိုင်ဆိုင်မှုများ ပို၍ဖြစ်ပေါ်လာနိုင်ကြောင်း တင်ပြအပ်ပါသည်။  

 

 

Source: https://www.voanews.com/a/yellen-says-us-will-not-accept-chinese-imports-decimating-new-industries-/7561032.html                  

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA