Thailand

ထိုင်းနိုင်ငံ၊ အခွန်စည်းကြပ်မှုဦးစီးဌာနက လျှပ်စစ်မော်တော်ကားများအတွက် ထောက်ပံ့ကြေးအဖြစ် အစိုးရထံမှ ဘတ်ငွေ ၃ ဘီလီယံ အပိုဆောင်းတောင်းခံ

Last Updated:

ထိုင်းနိုင်ငံ၊ အခွန်စည်းကြပ်မှုဦးစီးဌာနက နိုင်ငံအတွင်း လျှပ်စစ်မော်တော်ကားများဖြင့် အစားထိုးရေး အစီအစဉ်အရ လျှပ်စစ်မော်တော်ကားများသုံးစွဲမှုကို ထောက်ပံ့ပေးရန်အတွက် အစိုးရဘတ်ဂျက်မှဘတ် ၃ ဘီလီယံ ထပ်မံတောင်းခံခဲ့ကြောင်းဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Kriengkrai Pattanaporn က ပြောကြားခဲ့ပါသည်။

ဦးစီးဌာနအနေဖြင့် ဘတ် ၂.၉ ဘီလီယံ ရရှိခဲ့ပြီးဖြစ်ကြောင်း၊ လျှပ်စစ်မော်တော်ကား ၅,၂၀၀ စီးနှင့် လျှပ်စစ်မော်တော်ဆိုင်ကယ် ၁,၃၇၀ စီးအတွက် ဘတ် ၈၀၇ သန်း သုံးစွဲခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ငွေမှဘတ် ၃၉၅ သန်း ထပ်မံသုံးစွဲသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း လျှပ်စစ်မော်တော်ကား ရောင်းဝယ်မှု မြင့်တက်လာခဲ့ပြီး ထုတ်လုပ်မှုလည်း အရှိန်ရလာခဲ့သဖြင့် ဘတ် ၂.၉ ဘီလီယံသည် မလောက်ငှသောကြောင့် ထပ်မံတောင်းခံခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့ပါသည်။

အစိုးရ၏ ထောက်ပံ့မှုအစီအစဉ် (၂၀၂၂-၂၀၂၅) အောက်မှ လျှပ်စစ်မော်တော်ကား ကြိုတင်မှာယူမှု ၅၀,၀၀၀ စီးရှိပါကြောင်း၊ နိုင်ငံအဆင့် လျှပ်စစ်မော်တော်ကား မူဝါဒကော်မတီကလျာထားသည့် ဘတ် ၄၀ ဘီလီယံသည် လျှပ်စစ်မော်တော်ကားဝယ်ယူမှုကို ထောက်ပံ့ရန်လောက်ငှမှုရှိပါကြောင်း ဖြည့်စွက်ပြောကြားပါသည်။

လျှပ်စစ်မော်တော်ဆိုင်ကယ်ဝယ်ယူသူများအနေဖြင့် တစ်စီးလျှင် ဘတ် ၁၈,၀၀၀ ကိုလည်းကောင်း၊ ဘတ္တရီလျှပ်စစ်မော်တော်ကား (Battery Electric Vehicles-BEV) ဝယ်ယူသူများအနေဖြင့် ဘတ္တရီ၏ အရွယ်အစားအလိုက် တစ်စီးလျှင် ဘတ် ၁၅၀,၀၀၀ ကိုလည်းကောင်း အစိုးရ၏ ထောက်ပံ့ကြေးအဖြစ်ခံစားခွင့်ရှိပါကြောင်းနှင့် လျှပ်စစ်မော်တော်ကား ထုတ်လုပ်မှုများလေလေ ဈေးနှုန်းကျဆင်းလေလေဖြစ်ပြီး ပိုမိုဝယ်ယူနိုင်လေလေဖြစ်ကြောင်း ၎င်းကဆိုပါသည်။

၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ဘတ္တရီလျှပ်စစ်မော်တော်ကား အရောင်းမြှင့်တင်‌‌ရေး အတိုင်းအတာများကို ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ပြီး နိုင်ငံတွင်း၌ ပြည်တွင်းပြည်ပ လျှပ်စစ်မော်တော်ကား ကုမ္ပဏီများတည်ထောင်ရန်အတွက် မက်လုံးပေးအစီအစဉ်များကို စီစဉ်သွားရန် မူဝါဒကော်မတီက အစိုးရသစ်ထံတောင်းဆိုသွားမည်ဖြစ်ကြောင်း Mr. Kriengkrai က ပြောကြား ပါသည်။

လျှပ်စစ်မော်တော်ကား ထုတ်လုပ်သည့် စက်ရုံများအတွက် လက်ရှိအခွန်စည်းကြပ်မှုမှာ ထုတ်ကုန်တန်ဖိုး၏ ၈ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့

Source: www.bangkok.gov         

Category: Thailand