Korea

တောင်ကိုရီးယားနိုင်ငံအား ဂျပန်နိုင်ငံ၏ ယုံကြည်စိတ်ချရသည့် ကုန်သွယ်ဖက်နိုင်ငံစာရင်းတွင် ပြည်လည်ထည့်သွင်းရန် စီစဉ်ဆောင်ရွက်နေ

Last Updated:

တောင်ကိုရီးယားနိုင်ငံအား ဂျပန်နိုင်ငံ၏ ယုံကြည်စိတ်ချရသည့် ကုန်သွယ်ဖက်နိုင်ငံစာရင်း (white list သို့မဟုတ် Group A) တွင် ပြည်လည်ထည့်သွင်းရန် ဆောင်ရွက်နေပြီဖြစ်ပြီး နှစ်နိုင်ငံအကြား တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (semiconductors) အစိတ်အပိုင်းများနှင့် ပစ္စည်းကိရိယာများ အပါအဝင် စက်မှုလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုခိုင်မာအောင် ဆောင်ရွက်သွားမည်ဟု တောင်ကိုရီးယားနိုင်ငံသမ္မတယွန်ဆုခ်ယော်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဖူမီရိုခီရှီဒတို့က၇-၅-၂၀၂၃ ရက်နေ့တွင် ဆိုးလ်မြို့၌ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲအပြီး နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ အဓိကတင်ပို့လျှက်ရှိသည့် semiconductors (၃) မျိုးဖြစ်သည့်  fluorine polyimide၊ photoresist နှင့် hydrogen fluoride တို့အပေါ် ပို့ကုန်ထိန်း ချုပ်မှုဆိုင်ရာစည်းမျဉ်းများချမှတ်ပြီးနောက် တောင်ကိုရီးယားနိုင်ငံအား ဂျပန်နိုင်ငံက Group B စာရင်းတွင် ၂၀၁၉ ခုနှစ်မှစ၍ ထည့်သွင်းခဲ့ပါသည်။ Group A စာရင်းတွင် ပြန်လည် ထည့်သွင်းခံရပါက တောင်ကိုရီးယားနိုင်ငံသည် ဂျပန်နိုင်ငံမှ ၂၀၁၉ ခုနှစ် မတိုင်ခင်ကရရှိခဲ့သည့် ပို့ကုန်ဦးစားပေးမှုဆိုင်ရာ အခွင့်အရေးများ ပြန်လည်ရရှိမည်ဖြစ်ပါသည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအနေဖြင့်  တောင်ကိုရီးယားနိုင်ငံမှ semiconductors ထုတ်လုပ်သူများနှင့် ဂျပန်နိုင်ငံမှ အစိတ်အပိုင်းများ၊ ပစ္စည်းကိရိယာများ ထုတ်လုပ်သူများ အတူပူးပေါင်း၍ ချစ်ပ်ပြား (Chips) အထောက်အပံ့ကွင်းဆက်တစ်ခု ထူထောင်သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အာကာသ၊ ကွမ်တမ် (နည်းပညာ)၊ မှတ်ဉာဏ်တု (artificial intelligence)၊  ဇီဝဆေးဝါးနှင့် ပစ္စည်းကိရိယာများအပါအဝင် အဆင့်မြင့်နည်းပညာကဏ္ဍများ၏ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး တွန်းအားပေးနိုင်မည့်နည်းလမ်းများကိုသမ္မတယွန်းနှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖူမီရိုခီရှီဒတို့ ဆွေးနွေးသဘောတူပြီးဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြားကူးလူးဆက်သွယ်မှုများမြင့်မားလာသည့်အတွက် နှစ်နိုင်ငံအကြားလေကြောင်း ခရီးစဉ်များပြေးဆွဲမှုအရေအတွက်ကို ဆိုးလ်မြို့နှင့်တိုကျိုမြို့ အသွားအပြန်လမ်းကြောင်းလိုင်းများအပြင် အခြားမြို့များသို့ပါ ပြေးဆွဲမည့်လမ်းကြောင်းခရီးစဉ်များကိုလည်း  ကပ်ရောဂါကာလမတိုင်ခင် အရေအတွက်နှုန်းထားအထိ ပြန်လည်ရောက်ရှိအောင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည်ဟု  သမ္မတယွန်ဆုခ်ယော်က နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားခဲ့ပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

 

 

 

Category: Korea