Korea

တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှု (၇) လဆက်တိုက်ကျဆင်းခဲ့

Last Updated:

၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ (၃၀) ရက်နေ့အတွင်း ကိုရီးယားသမ္မတနိုင်ငံ၏ ပို့ကုန် တင်ပို့မှု ကျဆင်းခဲ့ပါသည်။ နိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သည့် ချစ်ပ်ပြား (Chips) များ ဈေးနှုန်းနှင့် ပြည် ပမှ ဝယ်လိုအား ကျဆင်းခြင်းတို့ကြောင့် ပို့ကုန်တင်ပို့ပမာဏ ကျဆင်းခြင်းဖြစ်ကြောင်း၊ ယင်းသို့ တင်ပို့မှု ကျဆင်းသည်မှာ (၇) လဆက်တိုက် ရှိပြီဖြစ်ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန က ၁-၅-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလအတွက် ပို့ကုန်တင်ပို့မှုဝင်ငွေမှာ အမေရိကန်‌ဒေါ်လာ (၄၉.၆) ဘီလီယံသာ ရရှိခဲ့သဖြင့် ယခင်နှစ်အလားတူကာလက တင်ပို့ခဲ့သည့်ပမာဏနှင့် နှိုင်းယှဉ်လျှင် ၁၄.၂ ရာခိုင် နှုန်းလျော့ကျခဲ့ကြောင်း၊ ပို့ကုန်တင်ပို့မှုသာမက သွင်းကုန်တင်သွင်းမှုလည်း ကျဆင်းခဲ့ကြောင်း၊  ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် သွင်းကုန်တင်သွင်းမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၅၂.၂၃၃) ဘီလီယံ ရှိရာ ယခင်နှစ်ကာလတူထက် (၁၃.၃) ရာခိုင်နှုန်း လျော့ကျမှုရှိခဲ့ကြောင်းနှင့် (၂.၆၂) ဘီလီယံ ကုန်သွယ်မှုလိုငွေပြခဲ့ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနက ၁-၅-၂၀၂၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း ကားတင်ပို့မှု ၄၀.၃ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး   သင်္ဘောများတင်ပို့မှုသည်လည်း ၅၉.၂ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း၊  သို့သော် Chips များ တင်ပို့မှု ၄၁ ရာ ခိုင်နှုန်းကျဆင်းခဲ့သည့်အပြင် Display နှင့် စတီးလ်ပစ္စည်းများတင်ပို့မှုသည်လည်း ၂၉.၃ ရာခိုင်နှုန်း နှင့် ၁၀.၇ ရာခိုင်နှုန်းစီ အသီးသီးကျဆင်းခဲ့ပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံသာမက ဂျပန်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည်လည်း ပို့ကုန်တင်ပို့မှုကျဆင်းပြီး ကုန်သွယ်မှုလိုငွေပြမှုကိုကြုံတွေ့နေရကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံသည် ပို့ကုန်တင်ပို့မှုမြင့်မားလာစေရေး အထောက်အပံ့ပေးမည့် အစီအစဉ်များကြောင့် တင်ပို့မှုနှင့်တင်သွင်းမှုအကြားကွာဟချက်သည် တစ်ဖြည်းဖြည်းလျော့နည်းလာမည်ဖြစ်ပါကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် အဆင့်မြင့်နည်းပညာကဏ္ဍများတွင် ကာလလတ်မှ ရေရှည်ကာလအထိ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ထားပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအတွက်လည်း အမျိုးမျိုးသော အစီအစဉ်များရေးဆွဲထားပါကြောင်း၊ နှစ်နိုင်ငံအပြန်အလှန်လေ့လာရေးခရီးစဉ်များအပြင် အဆင့်မြင့်လူသုံးကုန်များတင်ပို့မှုအတွက် အထောက်အပံ့များပေးအပ်သွားမည်ဖြစ်ပါကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ဌာနခွဲအကြီးအကဲမှ ပြောကြားခဲ့ပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea