Vietnam

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း အလုပ်သမား ၁၆၀,၀၀၀ ခန့် လိုအပ်

Last Updated:

ဟိုချီမင်းမြို့ရှိ လုပ်သားအင်အား လိုအပ်ချက်နှင့် ဈေးကွက်အချက်အလက် မျှော်မှန်းချက်ဌာန (FALMI) ၏ ခန့်မှန်းချက်အရ ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း အလုပ်သမား လိုအပ်ချက်မှာ ၁၅၃,၀၀၀ မှ ၁၆၁,၅၀၀ ကြားရှိမည်ဟု ခန့်မှန်းထားကြောင်းနှင့် အဆိုပါ အလုပ်သမား အများစု သည် ကုန်သွယ်မှုနှင့် ဝန်ဆောင်မှု ကဏ္ဍများတွင် လိုအပ်မည်ဖြစ်ကြောင်း The Saigon Times အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။

ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍတစ်ခုတည်းတွင် အလုပ်သမား ၁၀၂,၆၀၀ မှ ၁၀၈,၀၀၀ ကို ငှားရမ်းရန် လိုအပ်ပြီး စုစုပေါင်း အလုပ်သမား လိုအပ်ချက်၏ ၆၆.၈၉ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။ စက်မှုနှင့် ဆောက်လုပ်ရေးကဏ္ဍများတွင် ဝန်ထမ်းအသစ် ၅၀,၇၀၀ မှ ၅၃,၃၀၀ အထိ လိုအပ်မည်ဖြစ်ပြီး လိုအပ်ချက်၏ ၃၃.၀၃ ရာခိုင်နှုန်းအထိ လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

FALMI အချက်အလက်များအရ ကျွမ်းကျင်လုပ်သား ၁၃၄,၆၀၀ မှ ၁၄၁,၆၀၀ လိုအပ်လျက်ရှိပြီး စုစုပေါင်းလိုအပ်ချက်၏ ၈၇.၇ ရာခိုင်နှုန်းအထိ ရှိကြောင်း၊ အထူးသဖြင့် လိုအပ်ချက်၏ ၁၉.၅၄ ရာခိုင်နှုန်းသည် တက္ကသိုလ်ဘွဲ့ရသူများအတွက်ဖြစ်ကြောင်း၊ ၂၃.၁၆ ရာခိုင်နှုန်းသည် ကောလိပ်ဒီပလိုမာရရှိသူများအတွက် ဖြစ်ကြောင်းနှင့် ၄၅ ရာခိုင်နှုန်းသည် အောက်ခြေ သို့မဟုတ် အလယ်အလတ်တန်း ပညာရေးရှိသူများအတွက်ဖြစ်ကြောင်း သိရှိရပါသည်။

ကျွမ်းကျင်လုပ်သားလိုအပ်ချက်မှာ ၁၉,၈၀၀ ဝန်းကျင်ခန့်ရှိပြီး စုစုပေါင်းလိုအပ်ချက်၏ ၁၂.၃ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ယခုနှစ် ပထမနှစ်ဝက်အတွင်း ဟိုချီမင်း၏ စီးပွားရေးစွမ်းဆောင်ရည်သည် အထူးသဖြင့် နည်းပညာ၊ ဝန်ဆောင်မှုများ၊ ခရီးသွားလုပ်ငန်းနှင့် အိမ်ခြံမြေကဏ္ဍများတွင် အပြုသဘောဆောင်သော လက္ခဏာများပြသခဲ့သည်။ ထိုကဲ့သို့တိုးတက်မှုများကြောင့် အလုပ်ခန့်ထားမှု လိုအပ်ချက် တိုးမြင့်လာကာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အလုပ်လက်မဲ့ပမာဏ လျော့ကျသွားခဲ့ကြောင်းသိရှိရပါသည်။

ကျွမ်းကျင်လုပ်သား လိုအပ်ချက်မြင့်မားနေသော်လည်း ဟိုချီမင်းမြို့ရှိ စီးပွားရေးလုပ်ငန်း အများအပြားသည် လုပ်သားရှာဖွေရန် ရုန်းကန်နေရကြောင်း၊ FALMI ၏ စစ်တမ်းကောက်ယူချက်အရ စီးပွားရေးလုပ်ငန်း ၆၅၄ ခုအနက် ၁၅၄ ခုသည် အလုပ်သမား ငှားရမ်းရာတွင် အခက်အခဲရှိကြောင်း၊ အထူးသဖြင့် လက်လီလက်ကားရောင်းချသည့် ကဏ္ဍများ၊ ကုန်ထုတ်လုပ်ခြင်း၊ စီမံခန့်ခွဲမှုနှင့် ပံ့ပိုးမှုဆိုင်ရာကဏ္ဍများတွင် လိုအပ်ချက်နှင့် ကျွမ်းကျင်လုပ်သားရရှိနိုင်မှုကြား မကိုက်ညီမှုများရှိနေသဖြင့် လိုအပ်သော အရည်အချင်းနှင့် ပြည်စုံသည့် လုပ်သားရှာဖွေရန် ခက်ခဲသည့် လုပ်ငန်းများရှိကြောင်း ဖော်ပြထားပါသည်။

 

 

Source: The Saigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam