China(Nanning)

အမျိုးသားလုံခြုံရေးကြောင့် တရုတ်နိုင်ငံသည် အမေရိကန်သို့ ပို့ကုန်တင်ပို့မှုကို ကန့်သတ်ထား

Last Updated:

တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၃-၁၂-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်အရ တရုတ်နိုင်ငံသည် ၎င်း၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် အမေရိကန်သို့ စစ်ဘက်နှင့်အရပ်ဘက်နှစ်မျိုးသုံးကုန်ပစ္စည်းများ(dual-use items)အပေါ် ပို့ကုန်ထိန်းချုပ်မှုကို တင်းကြပ်ရန် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

Gallium, germanium, antimony, superhard materials နှင့် graphite-related products များကဲ့သို့သောပစ္စည်းများ တင်ပို့ခြင်းအတွက် တင်းကြပ်သောစည်းမျဉ်းများ ချမှတ်ထားသည့်အပြင် တရုတ်နိုင်ငံ၏ ဥပဒေများအရ နှစ်မျိုးသုံးကုန်စည် (dual-use items)များကို အမေရိကန်စစ်တပ်များ (သို့မဟုတ်) စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်များအတွက် တင်ပို့ခြင်းကိုတားမြစ်သည့် အစီအမံများပါဝင်ကြောင်း သိရှိရသည်။

သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ကြောင်းတွေ့ရှိပါက မည်သည့်နိုင်ငံ (သို့မဟုတ်) ဒေသမှ အဖွဲ့အစည်း (သို့မဟုတ်) တစ်ဦးတစ်ယောက်ကိုမဆို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက အွန်လိုင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရသည်။

မကြာသေးမီနှစ်များအတွင်း အမေရိကန်နိုင်ငံသည် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာပြဿနာများကို နိုင်ငံရေးလက်နက်အဖြစ်အသုံးချခဲ့ပြီး ပို့ကုန်ထိန်းချုပ်ရေး အစီအမံများကို တလွဲအသုံးချခဲ့ကာ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းအချို့ တင်ပို့မှုအပေါ်ခိုင်လုံမှုမရှိသော ကန့်သတ်ချက်များကိုချမှတ်ခဲ့သည်ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသည် ဈေးကွက်ဖွင့်လှစ်မှုကို ပိုမိုမြှင့်တင်ရန် အခိုင်အမာကတိပြုထားပြီး အမျိုးသားလုံခြုံရေးကို တလွဲအသုံးချမှုဟူသမျှအား ပြင်းထန်စွာဆန့်ကျင်ကြောင်း၊  ကမ္ဘာ့စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန်အတွက် ပို့ကုန်ထိန်းချုပ်ရေးတွင် သက်ဆိုင်ရာနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပိုမိုလုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်ဟု သိရှိရသည်။

Source: https://www.chinadaily.com.cn/a/202412/03/WS674ecf12a310f1265a1d0d6a.html   

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)