တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်မှုနှေးကွေးနေချိန်၌ ပို့ကုန်နှင့်သွင်းကုန်များ တည်ငြိမ်စွာ တိုးတက်ကောင်းမွန်စေရေး အစီအမံများ ဆက်တိုက်ချမှတ်ကာ နိုင်ငံ့စီးပွား ပြန်လည်ဦးမော့လာ စေရန်တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ ပထမ ၁၀ လအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးသည် ယွမ် ၃၆ ထရီလီယံ (ဒေါ်လာ ၄.၉၆ ထရီလီယံ) ရှိခဲ့ပြီး ကာလတူ ထက် ၅.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ပို့ကုန်ဝေစုအနေဖြင့်လည်း ကမ္ဘာ့ဈေးကွက်တွင် တည် ငြိမ်စွာရပ်တည်ခဲ့ကြောင်း၊ နိုင်ငံခြားကုန်သွယ်မှုမှာလည်း တည်ငြိမ်သည့်ပမာဏဖြင့် ဆက်လက် တိုးတက်လျက်ရှိပြီး အပြုသဘောဆောင်သည့်လမ်းကြောင်းကို ပြသလျက်ရှိသည်ဟု စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး၊ ဒုတိယဝန်ကြီး Mr. Wang Shouwen မှပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
ကမ္ဘာတစ်ဝှမ်း လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ တုန့်ပြန်မှုများနှင့် ကမ္ဘာ့ကုန်သွယ်မှုတွင် ကာ ကွယ်ရေးဆိုင်ရာဝါဒများမြှင့်တင်ရန် စိတ်အားထက်သန်လျက်ရှိသည့် အခြေအနေများကြောင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေးတိုးတက်မှုအနေအထားမှာ သြဂုတ်လမှစ၍ အားနည်းခဲ့ကြောင်း၊ တရားဝင်စုံစမ်းစစ်ဆေးမှုတစ်ခုတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် ပို့ကုန်ချေးငွေအာမခံမှအစပြု၍ ငွေရေး ကြေးရေးထောက်ပံ့မှုဆိုင်ရာများအထိ ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများစွာ ရင်ဆိုင်နေရခြင်းကို တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် တရုတ်အစိုးရသည် နိုင်ငံခြားကုန်သွယ်မှုကိုမြှင့်တင်ရန် အရှိန်အဟုန်ပြင်းစွာ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါ သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာကုန်သွယ်မှုတွင် ပါ၀င်လျက်ရှိသော စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးပံ့ပိုးမှုအားကောင်းစေရေး၊ e-commerce နှင့်အစိမ်းရောင်ကုန်သွယ်မှုကဲ့သို့သော ကုန်သွယ်မှုဆိုင်ရာ တွန်းအားသစ်များ ဆောင် ရွက်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက်အဆင်ပြေစေမည့် ဗီဇာဆိုင်ရာမူဝါဒများ အပါအဝင် ဝန်ဆောင်မှုမြှင့်တင်ရေး အလေးထားဆောင်ရွက်မည့် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ကြေညာခဲ့ ကြောင်း သိရှိရပါသည်။
ဈေးကွက်ပုံစံအမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်နိုင်စွမ်းရှိ၍ ကြိုးပမ်းအားထုတ်မှုရှိကာ ခိုင်မာ သည့် “little giant” နှင့် “hidden champion” ကုမ္ပဏီများကို အာမခံငွေပေးချေမှုကို တိုးမြှင့်ပေး ရန် အာမခံကုမ္ပဏီများသို့ တိုက်တွန်းထားကြောင်း၊ “little giant” ကုမ္ပဏီများမှာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် စံပြအဖြစ် ဆောင်ရွက်နိုင်စွမ်းရှိပြီး ထုတ် လုပ်ခြင်း၊ နယ်ပယ်စုံဈေးကွက်တွင် အထူးပါဝင်ဆောင်ရွက်နိုင်ခြင်းနှင့် ခေတ်မီနည်းပညာများ အသုံးပြု၍ လုပ်ငန်းတိုးတက်စေရေးမြှင့်တင်ဆောင်ရွက်နိုင်သည့် ကုမ္ပဏီများဖြစ်ကြောင်း၊ “hidden champion” ကုမ္ပဏီများမှာ အောင်မြင်မှုများစွာရှိသော်လည်း လူသိနည်းသော ကုမ္ပဏီ များကို ဆိုလိုကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်ဟု သိရှိရပါသည်။
ငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် အကြွေးခွင့်ပြုချက်၊ ချေးငွေထုတ်ပေးခြင်းနှင့် ပြန်ဆပ်ခြင်းစသည့် နယ်ပယ်များတွင် နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများအတွက် ဘဏ္ဍာရေးပိုင်း ဆိုင်ရာဝန်ဆောင်မှုများကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သင့်ကြောင်း၊ ဗဟိုဘဏ်သည် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများ၊ စက်ကိရိယာများ အဆင့်မြှင့်တင်ခြင်းနှင့် အစိမ်းရောင် အသွင် ကူးပြောင်းဆောင်ရွက်ခြင်းတို့နှင့်သက်ဆိုင်သည့် နိုင်ငံခြားကုန်သွယ်မှုကုမ္ပဏီများနှင့်စပ်လျဉ်း၍ ငွေကြေးထောက်ပံ့မှုဆိုင်ရာ လမ်းညွှန်းချက်များ စဉ်ဆက်မပြတ်ထုတ်ပြန်ခဲ့ကြောင်း၊ ထူးခြားချက် အနေဖြင့် အစိမ်းရောင်ကဏ္ဍဆိုင်ရာချေးငွေများသည် စက်တင်ဘာလကုန်တွင် ကာလတူထက် ၂၅ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရှိရပါသည်။
မူဝါဒဆိုင်ရာပံ့ပိုးမှုတွင် e-commerce နှင့် အစိမ်းရောင်ကုန်သွယ်မှုသည် တရုတ်နိုင်ငံ နိုင်ငံခြားကုန်သွယ်မှုတိုးတက်စေရေး မောင်းနှင်အားအသစ်များဖြစ်ကြောင်းကို အလေးပေးဖော်ပြ ခဲ့သည်ဟု သိရှိရပါသည်။
e-commerce ကဏ္ဍအတွက် စိတ်ကြိုက်ဝန်ဆောင်မှုပေးခြင်း၊ လျင်မြန်စွာပေးပို့ခြင်းနှင့် ကုန်ကျစရိတ်သက်သာမှုဆိုင်ရာ ပြိုင်ဆိုင်မှုများမှာမြင့်မားလျက်ရှိကြောင်း၊ ပထမသုံးလပတ် ကာလအတွင်း တရုတ်နိုင်ငံ၏ e-commerce ဆိုင်ရာ ပို့ကုန်နှင့် သွင်းကုန်များသည် ကာလတူ ထက် ၁၁.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှု၏ ၆ ရာခိုင်နှုန်းနီးပါးရှိ ကြောင်းသိရှိရပါသည်။
နောက်တစ်ဆင့်အနေဖြင့် တရုတ်နိုင်ငံသည် နိုင်ငံခြားကုန်သွယ်မှုကုမ္ပဏီများကို oversea intelligent logistics platform များနှင့်လိုက်လျောညီထွေဆောင်ရွက်နိုင်ရေး၊ ပြည်ပမှာယူမှုများ အတွက် သေချာခိုင်မာမှုရှိစေရေး၊ နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်ဆိုင်ရာ သဘောတူညီချက် အသစ်များတွင် e-commerce အပါအဝင် အပြည်ပြည်ဆိုင်ရာ e-commerce ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mr. Wang မှပြောကြားခဲ့သည်ဟု သိရှိရပါ သည်။
အစိမ်းရောင်ကုန်သွယ်မှုနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သည် ကောင်းမွန်သောပတ်ဝန်းကျင်ဖန်တီးရန်၊ ယင်းနှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ အတွက် ဝန်ဆောင်မှုများနှင့် သင်တန်းများတိုးမြှင့်ရန်အတွက် အပြည်ပြည်ဆိုင်ရာ အစိမ်းရောင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး အထူးမူဝါဒစာတမ်းကို ထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရပါသည်။
နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့် ကုန်သွယ်မှုလွယ်ကူ ချော မွေ့စေရေး အစီအမံများမှာလည်း အခြားအရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ပြင်သစ်နှင့် ဂျာမနီအပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံအတွက် တစ်ဖက်သတ်ဗီဇာကင်းလွတ်ရေးမူဝါဒများကို အကောင်အထည်ဖော်ခဲ့ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံအတွက် ဗီဇာကင်းလွတ်ခွင့် အပြည့်အဝရရှိစေရေး ဆောင်ရွက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူကပြောကြားခဲ့သည်ဟု သိရှိ ရပါသည်။
တတိယသုံးလပတ်တွင် တရုတ်နိုင်ငံသို့ နိုင်ငံခြားခရီးသွား ၈.၁၉ သန်း ဝင်ရောက်ခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၄၈.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ တရားဝင်ထုတ်ပြန် ချက်အရ အဆိုပါခရီးစဉ်များအနက် ၄.၈၉ သန်းကို ဗီဇာကင်းလွတ်ခွင့်အစီအစဉ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ယခင်နှစ်ကာလတူထက် ၇၈.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရှိရပါ သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေးအထူးသဖြင့် စီးပွား ရေးလုပ်ငန်းများ လုပ်ကိုင်နေသူများ လွယ်ကူချောမွေ့စေရေးအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ဆက်လက်ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်ဟုလည်း သိရှိရပါသည်။
Source: https://www.chinadaily.com.cn/a/202412/06/WS67525bdba310f1265a1d17dc.html
စီးပွားရေးသံမှူး
ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ