USA

အမေရိကန် အောက်လွှတ်တော်အမတ်များက တရုတ်နိုင်ငံ၏ Older-Generation Chips အပေါ်လွှမ်းမိုး ချုပ်ကိုင်မှုကို ဖြတ်တောက်ရန်တိုက်တွန်း

Last Updated:

တရုတ်နိုင်ငံ၏ Older-Generation Chips အပေါ် လွှမ်းမိုးချုပ်ကိုင်မှုကို ဖြတ်တောက်ရန် အမေရိကန်အောက်လွှတ်တော်အမတ်များက တိုက်တွန်းခဲ့ကြောင်း Wall Street Journal အွန်လိုင်း သတင်းတွင် ၈-၁-၂၀၂၄ ရက်နေ့၌ “Biden Urged to Curb China’s Dominance of Older-Generation Chips” ခေါင်းစဉ်ဖြင့် ဖော်ပြချက်အရ သိရှိရပါသည်။

သမ္မတဂျိုးဘိုင်အစိုးရအနေဖြင့် တရုတ်နိုင်ငံလွှမ်းမိုးမှုကြီးထွားလာသည့် Older-Generation Chips အပေါ် ပို၍တင်းကျပ်သည့် အရေးယူမှုများ ဆောင်ရွက်သင့်ကြောင်း အောက်လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် Mr. Mike Gallagher နှင့် Mr. Raja Krishnamoorthi တို့က သမ္မတဂျိုးဘိုင်ဒင်၏ စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာတာဝန်ယူထားသည့် အစိုးရအဖွဲ့ဝင်များသို့ ၅-၁-၂၀၂၃ ရက်နေ့တွင် စာရေးသားပေးပို့ခဲ့ကြပါကြောင်း၊  နည်းပညာအသင့်အတင့်မြင့်မားသော Chips (Less-Advanced Chips) များနှင့် ပတ်သက်၍ တရုတ်နိုင်ငံလွှမ်းမိုးချုပ်ကိုင်မှုအပေါ် ပြန်လည်တုံ့ပြန်ရန် အကောက်ခွန်နှုန်းများတိုးမြှင့်ခြင်းအပါအဝင် အခြားအရေးယူမှုအသစ်များ ပြုလုပ်သင့်ကြောင်း၊ နည်းပညာမြင့် Chips ထုတ်လုပ်ခြင်းသည် နိုင်ငံရေးအရ အလေးထားရမည့် ကိစ္စရပ်တစ်ခုဖြစ်လာခဲ့ပြီး စီးပွားရေးတိုးတက်မှုနှင့် အမျိုးသားလုံခြုံရေးအတွက် အဓိကကျသဖြင့် တရုတ်နိုင်ငံက အဆိုပါလုပ်ငန်းများအပေါ် လွှမ်းမိုးရန်ချဲ့ထွင်လာခြင်းသည် အမေရိကန်နိုင်ငံအားစိုးရိမ်မှုဖြစ်ပေါ်စေကြောင်း၊ ဉာဏ်ရည်တု၊ Cloud Computing ၊ Cyberwarfare နှင့် Spycraft တို့ အတွက် နည်းပညာမြင့် Chips များသည် အဓိကကျသည့်အခန်းကဏ္ဍတွင်ပါဝင်ကြောင်း၊ Older-Generation Chips သည် လူသုံးကုန်လျှပ်စစ်ပစ္စည်းများ၊ မော်တော်ယာဉ်၊ အသုံးအဆောင်ပစ္စည်းများ နှင့် ကာကွယ်ရေးကဏ္ဍတို့တွင်အသုံးပြုသဖြင့် အမေရိကန်နိုင်ငံအတွက် အရေးပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဤကဏ္ဍကို လွှမ်းမိုးချုပ်ကိုင်လာနိုင်ပါက ထိုအခြေအနေကိုအသုံးချကာ နိုင်ငံခြားပြိုင်ဖက်လုပ်ငန်းများအပေါ်  ကုန်သွယ်ရေးဆိုင်ရာအရေးယူမှုများ ဆောင်ရွက်လာနိုင် ပါကြောင်း၊ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တို့က အမေရိကန်နိုင်ငံ၏ Older-Generation Chips များကို ကာကွယ်ရန်အတွက် လက်ရှိကုန်သွယ် ရေးဆိုင်ရာ အခွင့်အဏာအသုံးချ၍ လည်းကောင်း (သို့မဟုတ်) နည်းလမ်းသစ်များရေးဆွဲ၍ လည်းကောင်း ကာကွယ်သင့်ကြောင်း ရေးသားဖော်ပြထားသည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံသည် Chips ထုတ်လုပ်မှုစီမံကိန်း (၁၈) ခုကို ၂၀၂၄ ခုနှစ်တွင် စတင်သွားမည်ဖြစ်ပြီး  Chips ထုတ်လုပ်မှုကို (၁၂) ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်သွားရန်ရှိသည်ဟု Chips ထုတ်လုပ် ဖြန့်ဖြူးသူများကို ကိုယ်စားပြုသည့် SEMI က ခန့်မှန်းထားပါကြောင်း၊ တရုတ်နိုင်ငံ ကုမ္ပဏီများသည် ၂၀၂၃ ခုနှစ် တွင် Chips ထုတ်လုပ်သည့် ပစ္စည်းကိရိယာ တန်ဖိုးအမေရိကန်ဒေါ်လာ ဘီလီယံ(၃၀) ကျော် ဝယ်ယူခဲ့ကြောင်း မှတ်တမ်းများအရတွေ့ရှိရပြီး ဤပမာဏသည် စုစုပေါင်း Chips ကုန်သွယ်မှု၏ သုံးပုံတစ်ပုံခန့် ရှိပါကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံအနေဖြင့် Chip Act အရ နည်းပညာအသင့်အတင့် မြင့်မားသော Chips (Less-Advanced Chips) ထုတ်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ (၅၃) ဘီလီယံ ပံ့ပိုးရန် လွှတ်တော်နှင့် သမ္မတဂျိုးဘိုင်ဒင်အစိုးရက အတည်ပြုခဲ့ပြီး အဆိုပါရန်ပုံငွေပံ့ပိုးမှုတွင် Older-Generation Chips များ ထုတ်လုပ်ရန်အတွက် ဒေါ်လာသန်းပေါင်းများစွာပါဝင်ပါကြောင်း၊ အမေရိကန်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနက Microchip Technology ကုမ္ပဏီအား Chips ထုတ်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ (၁၆၂) သန်း ပံ့ပိုးပေးသွားမည်ဟု ယခင်ရက်သတ္တပတ်တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Semiconductor Supply Chain နှင့်ပတ်သက်၍ စစ်တမ်းကောက်ယူသွားရန် စီစဉ်လျက်ရှိပြီး Chips ထုတ်လုပ်မှုကဏ္ဍရှိ တရုတ်နိုင်ငံ၏ တရုတ်နိုင်ငံ၏အခန်းကဏ္ဍကို တုံ့ပြန်သွားရန်ရှိပါကြောင်း သိရှိရပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA