Korea

တောင်ကိုရီးယားနိုင်ငံသည် အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုပြုရာတွင် ဝမ်ငွေဖြင့် ငွေကြေးအလွှဲအပြောင်းလုပ်ခွင့်ပြုသွားမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ကုန်သွယ်ဖက် အာဆီယံ နိုင်ငံများနှင့် ကုန်သွယ်မှုအတွက် ငွေပေးချေရာတွင် ဝမ်ငွေဖြင့်ပေးချေခွင့် ရရှိမည်ဖြစ်ပါကြောင်း နှင့် အဆိုပါအစီအစဉ်ကို အစောဆုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒုတိယနှစ်ဝက်မှစတင်၍ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၉-၁-၂၀၂၄ ရက်နေ့တွင် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့ အစည်းများက ပြောကြားခဲ့ပါသည်။

ယင်းသို့ကိုရီးယားဝမ်ငွေဖြင့် ငွေလွှဲပြောင်းခွင့်ပြုရခြင်းမှာ များပြားလှသောကုန်ကျစရိတ်များကို လျှော့ချလို၍ဖြစ်ပါကြောင်း၊ ပြည်ပသို့ငွေလွှဲရာတွင် တောင်ကိုရီးယားဝမ်ငွေကို အခြားသော ငွေကြေးများ (ပုံမှန်အားဖြင့် အသုံးအများဆုံးငွေကြေးမှာ အမေရိကန်ဒေါ်လာ) သို့ ပြောင်းရာတွင်လည်းကောင်း၊ အခြားသောငွေကြေးမှ ဝမ်ငွေသို့ပြောင်းရာတွင်လည်းကောင်း ကြုံတွေ့ရသည့် ငွေလဲနှုန်းအတက်အကျများကြောင့် ကုန်ကျစရိတ်များစွာရှိနေပါကြောင်း၊ အဆိုပါ ကုန်ကျစရိတ်များကို လျှော့ချနိုင်ရန် ဝမ်ငွေဖြင့်သာ တိုက်ရိုက်ပေးချေခွင့် ပြုမည်ဖြစ်ပါကြောင်း၊ ယခုအစီ အစဉ်သည် စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ၄-၁-၂၀၂၄ ရက်နေ့တွင် ကြေညာခဲ့သည့် ၂၀၂၄ ခုနှစ်အတွက် စီးပွားရေးမူဝါဒဦးတည်ချက်များအနက် အစီအစဉ်တစ်ခုကို လက်တွေ့အကောင်အထည်ဖော်ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါအစီအစဉ်ကို ၂၀၂၄ ခု နှစ်၊ ဒုတိယနှစ်ဝက်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ငွေလဲလှယ်နှုန်းနှင့်စပ်လျဉ်းသည့် စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်ရေးဆွဲခြင်းများကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာ ရေးဆိုင်ရာအဖွဲ့အစည်းများက ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားဝမ်ငွေ အသုံးပြု၍ ငွေလွှဲသည့်ဖြစ်စဉ်သည် ရှားပါးသော်လည်း ၂၀၁၀ ပြည့်နှစ်က ခြွင်းချက်အနေဖြင့် အမေရိကန်၏ပိတ်ဆို့မှုမှ လွတ်မြောက်နိုင်ရန် အီရန်နိုင်ငံမှ အမေရိကန်ဒေါ်လာဘီလီယံချီ တန်ဖိုးရှိသည့် ရေနံစိမ်းဝယ်ယူမှုအတွက် ဝမ်ငွေဖြင့် ပေးချေခဲ့ဖူးပါသည်။ လက်ရှိတွင် ဝမ်ငွေဖြင့်ပေးချေမည့်အစီအစဉ်သည် “တောင်ကိုရီးယားဝမ်ငွေက အခြားသောကမ္ဘာ့ အဓိကငွေကြေးများအပြင် ငွေကြေးတန်ဖိုးတည်ငြိမ်ပြီး စိတ်ချရသည့် ငွေကြေးတစ်ခုအဖြစ် သတ်မှတ်ခြင်းခံလာရပြီဖြစ်သည်” ကို မီးမောင်ထိုးပြနေခြင်းဖြစ်ပါကြောင်း၊ အထူးသဖြင့် တောင်ကိုရီးယားနိုင်ငံနှင့် တဖြည်းဖြည်းကုန်သွယ်မှုမြင့်မားလာနေသည့် အာဆီယံနိုင်ငံများတွင် ဝမ်ငွေကို ဝယ်လိုအားမြင့်မားနေပါကြောင်း ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများကပြောကြားခဲ့ပါသည်။

အာဆီယံ၁၀နိုင်ငံအနက် ဝမ်ငွေအသုံးပြု၍ကုန်သွယ်ခွင့်ပြုမည့် အလားအလာအကောင်းဆုံးနိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည်လည်း အင်ဒိုနီးရှားနိုင်ငံနှင့် ဆောင်ရွက်ပြီးနောက်ပိုင်း လက်ခံဆောင်ရွက်သွားဖွယ်ရှိပါသည်။ဝမ်ငွေအသုံးပြု၍ ကုန် သွယ်ခွင့်ပြုသည့်အစီအစဉ်ကို စတင်ခွင့်ပြုသည်နှင့်တစ်ပြိုင်နက် တောင်ကိုရီးယားကုမ္ပဏီများ သည် ဆိုးလ်မြို့ရှိ ဘဏ်ခွဲများမှတစ်ဆင့်အာဆီယံနိုင်ငံများသို့ ငွေလက်ခံရယူခြင်း၊ ငွေလွှဲပေးပို့ခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ အာဆီယံနိုင်ငံများအပြင် အခြားသောဒေသများမှ နိုင်ငံများနှင့်လည်း ဝမ်ငွေအသုံးပြု၍ ကုန်သွယ်ခွင့်ပြုမည့်အစီအစဉ်ကို ရေရှည်စီမံကိန်းအဖြစ် တိုးချဲ့ဆောင်ရွက်သွားရန် စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စီမံဆောင်ရွက်နေပါသည်။

 

 

Source: https://www.koreatimes.co.kr/www/biz/2024/01/602_366601.html

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea