Vietnam

ဗီယက်နမ်လေကြောင်းလိုင်းသည် ဟနွိုင်း၊ ဟိုချီမင်းမှ မနီလာသို့ တိုက်ရိုက်ပျံသန်းမှု စတင်

Last Updated:

ဗီယက်နမ်လေကြောင်းလိုင်းသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းနှင့် ဟိုချီမင်းမြို့တို့မှ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ဇွန် ၁၇ ရက်မှစ၍ တိုက်ရိုက်ပျံသန်းပြေးဆွဲရန် စီစဉ်ထားကြောင်း၊ ဟနွိုင်း-မနီလာ လမ်းကြောင်းသည် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် တစ်ပတ်လျှင် ၃ ကြိမ် ပျံသန်းပေးမည်ဖြစ်ပြီး ဟိုချီမင်းနှင့် မနီလာကို တစ်ပတ်လျှင်  ၄ရက် တနင်္လာနေ့၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်လေကြောင်းလိုင်းသည် မနီလာသို့ တိုက်ရိုက်ပျံသန်းသည့် ပထမဆုံးပြည်တွင်း လေကြောင်းလိုင်းဖြစ်ကြောင်း၊ လမ်းကြောင်းသစ်များသည် အရှေ့တောင်အာရှ၏ ထိပ်တန်း စီးပွားရေးအချက်အချာနေရာသုံးခုဖြစ်သည့် မနီလာ၊ ဟနွိုင်းနှင့် ဟိုချီမင်းတို့ကို ချိတ်ဆက်ပေးသည့်အတွက် ၎င်း၏ နိုင်ငံတကာ လေကြောင်းကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာတွင် မှတ်တိုင်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

မနီလာသို့ တိုက်ရိုက်လေကြောင်း လမ်းကြောင်းများ ပြေးဆွဲခြင်းသည် ဗီယက်နမ်နှင့် ဖိလစ်ပိုင် တို့ကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖလှယ်ရေးအပြင် အရှေ့တောင်အာရှဒေသတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း လေကြောင်းလိုင်းမှ ပြောကြားခဲ့သည်။

ဗီယက်နမ်လေကြောင်းလိုင်းအနေဖြင့် အခွန်နှင့် အခများပါဝင်သည့် အသွားအပြန် လက်မှတ်များအား အမေရိကန်ဒေါ်လာ ၁၄၁ မှစ၍ ပရိုမိုးရှင်းအမျိုးမျိုး ပေးလျက်ရှိကြောင်း၊ အဆိုပါပရိုမိုးရှင်းကို ယခုနှစ် ဇွန်လ ၁၇ ရက်မှ ဇွန်လ ၂၃ ရက်အထိ ပျံသန်းမည့်ခရီးစဉ်များအတွက် ဧပြီလ ၈ ရက်မှ ဇွန် ၂၃ ရက်အတွင်း လက်မှတ်ဝယ်ယူပါက ရရှိမည်ဖြစ်ကြောင်းနှင့် လေယာဉ်လက်မှတ်များကို ဗီယက်နမ်လေကြောင်းလိုင်း၏ ဝက်ဘ်ဆိုဒ်၊ Mobile apps ၊ လက်မှတ်အရောင်းဌာနများနှင့် အေးဂျင့်များတွင် ရရှိနိုင်ပါကြောင်းဖော်ပြထားသည်။

ယခုကဲ့သို့ တိုက်ရိုက်လေကြောင်းများပြေးဆွဲခြင်းသည် ဗီယက်နမ်လေကြောင်းလိုင်း၏ နိုင်ငံတကာ လေကြောင်းကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာတွင် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား စီးပွားရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး ဖလှယ်မှုများ တိုးမြှင့်ရန် ရည်ရွယ်ကြောင်း သုံးသပ်တင်ပြရပါသည်။

 

 

Source: VN express International

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

Category: Vietnam