USA

အမေရိကန်မော်တော်ကုမ္ပဏီ General Motors (G.M.) သည် Chevrolet Malibu ထုတ်လုပ်မှုရပ်ဆိုင်း၍ လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်သွားမည်

Last Updated:

အမေရိကန်မော်တော်ကုမ္ပဏီ General Motors (G.M.) သည် Chevrolet Malibu ထုတ်လုပ်မှု ရပ်ဆိုင်း၍ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း The New York Times  အွန်လိုင်းသတင်းတွင် ၈-၅-၂၀၂၄ ရက်၌ “G.M. Will Retire the Chevrolet Malibu to Make More Electric Cars” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

G.M. ကုမ္ပဏီသည် ၁၉၆၀ ပြည့်နှစ်များတွင် မိတ်ဆက်ထုတ်လုပ်ခဲ့သည့် အမေရိကန်နိုင်ငံ တစ်ဝှမ်းလူကြိုက်များ၍ ဂုဏ်သိက္ခာကြီးမားပြီး ဈေးနှုန်းသက်သာသော Sedan မော်တော်ယာဉ် အမျိုးအစားဖြစ်သည့် Chevrolet Malibu ထုတ်လုပ်မှုကို ရပ်ဆိုင်းသွားမည်ဟု ယခုသီတင်းပတ်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ အမေရိကန်နိုင်ငံသားများသည် နှစ်ပေါင်းများစွာကပင် Sedan ၊ Compacts နှင့် Hatchbacks  အသုံးပြုမှုထက် Sports utility vehicles အသုံးပြုမှုကို ပို၍နှစ်သက်လာကြကြောင်း၊ G.M. ၏ ပြိုင်ဖက်ကုမ္ပဏီများဖြစ်သော Stellantis နှင့် Ford Motor တို့ကလည်း ရောင်းအားနည်းသည့် မော်တော်ယာဉ်အမျိုးအစားများကို ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ကြကြောင်း၊ နိုင်ငံခြားမော်တော်ကုမ္ပဏီများဖြစ်သည့် Toyota၊ Honda နှင့် Hyundai တို့၏ Sedan မော်တော်ယာဉ် အများအပြားရောင်းချရသော်လည်း ယခင်နှစ်များ၏ ရောင်းအားအောက် များစွာလျော့ကျခဲ့ကြောင်း၊ Toyota Camry နှင့် Honda Accord မော်တော်ယာဉ်များသည် အမေရိကန်နိုင်ငံတွင် လူကြိုက်များခဲ့သည့် အမျိုးအစားများဖြစ်ကြောင်း၊ ဂျပန်မော်တော်ကုမ္ပဏီ Subaru ကလည်း ၎င်းတို့၏ အမှတ်တံဆိပ် Sedan အမျိုးအစားထုတ်လုပ်မှုကို ရပ်ဆိုင်းသွားမည်ဟု ယခင်လက ကြေညာခဲ့ကြောင်း၊ G.M. ကုမ္ပဏီသည် Malibu အမျိုးအစားကို ကန်းဆက်ပြည်နယ်၊ ကန်းဆက်မြို့ရှိ စက်ရုံတစ်ရုံတည်း၌သာ ထုတ်လုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိသာ ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းစက်ရုံကို လျှပ်စစ်မော်တော်ယာဉ်အမျိုးအစားဖြစ်သည့် Chevrolet Bolt နှင့် ဇိမ်ခံ SUV အမျိုးအစား Cadillac XT4 တို့ထုတ်လုပ်ရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်အသုံးပြုသူများကလည်း စက်ဘီးနှင့် လှေငယ်များသယ်ယူနိုင်ပြီး ကလေးများအတွက် အခန်းပိုကျယ်သည့် SUV နှင့် Pickup Truck များကို ပို၍ဝယ်ယူလာကြသဖြင့် မော်တော်ယာဉ်ထုတ်လုပ်သူများကလည်း Sedan နှင့် Compacts များထက်ပို၍ အမြတ်များသည့် မော်တော်ယာဉ်အကြီးများကို ထုတ်လုပ်လာခဲ့ကြကြောင်း၊ Malibu နှင့် ၁၉၆၄ ခုနှစ်တွင် မိတ်ဆက်ထုတ်လုပ်ခဲ့သည့် Sporty အမျိုးအစား Malibu SS ထုတ်လုပ်မှုကို ၁၉၈၃ ခုနှစ်တွင် ကုမ္ပဏီအနေဖြင့် နိုင်ငံခြားမော်တော်ယာဉ်ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ခဲ့စဉ် လျှော့ချခဲ့ရကြောင်း၊ သို့ရာတွင် ၁၉၉၇ ခုနှစ်တွင် ၎င်းအမျိုးအစားများကို ထပ်မံမိတ်ဆက်ထုတ်လုပ်ခဲ့သော်လည်း Camry နှင့် Accord တို့၏ ရောင်းအားအောက် လျော့နည်းခဲ့ကြောင်း၊ စတင်ထုတ်လုပ်သည့် အချိန်မှစ၍ Malibu အမျိုးအစားအစီးရေ (၁၀) သန်းကျော် ရောင်းချခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အစီးရေ (၁၃၀,၀၀၀) ရောင်းချခဲ့ရကြောင်း၊ ယခင်ဆယ်စုနှစ်မတိုင်မီ Malibu ရောင်းအားသည် တစ်နှစ်လျှင် အစီးရေ (၂၀၀,၀၀၀) ခန့်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် Chevrolet Camaro ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရသော်လည်း Cadillac အမျိုးအစားကို ဆက်လက်ထုတ်လုပ်လျက်ရှိကြောင်း၊ ယခုနှစ်အတွင်း အဆင့်မြင့်ဇိမ်ခံ လျှပ်စစ်မော်တော်ယာဉ်ကို စတင်ရောင်းချရန် စီစဉ်လျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံအတွင်း ရောင်းချလျက်ရှိသည့် G.M. မော်တော်ယာဉ်အမျိုးအစားများမှာ SUV နှင့် ကုန်တင်ကားများသာဖြစ်ကြောင်း၊ သို့ရာတွင် မော်တော်ယာဉ် ထုတ်လုပ်သူများအနေဖြင့် Malibu အမည်ဟောင်းကို ကြိုက်နှစ်သက်သည့်ဝယ်သူများအတွက် Malibu အမည်ဖြင့် လျှပ်စစ်မော်တော်ယာဉ်အဖြစ် တစ်ကျော့ပြန်ထုတ်လုပ်လာနိုင်ကြောင်း သိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA