USA

တရုတ်ကုမ္ပဏီ Huawei သို့ Semiconductors ရောင်းချသည့် ပို့ကုန်လိုင်စင်ကို အမေရိကန်နိုင်ငံက ပြန်လည်ရုပ်သိမ်းခဲ့

Last Updated:

တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei သို့တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (Semiconductors) ရောင်းချသည့် ပို့ကုန်လိုင်စင်ကို အမေရိကန်နိုင်ငံက ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း CNN အွန်လိုင်းသတင်းတွင် ၈-၅-၂၀၂၄ ရက်၌ “US revokes some export licenses for selling semiconductors to China’s Huawei” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံက ကန့်သတ်ပိတ်ဆို့မှု ချမှတ်ထားသည့် တရုတ်ဆက်သွယ်ရေးပစ္စည်း ထုတ်လုပ်သောကုမ္ပဏီ Huawei Technologies သို့ ကွန်ပျူ တာများနှင့် ဆက်သွယ်ရေး Handsets များတွင် အသုံးပြုသည့် Chips တင်ပို့ရောင်းချရန် Intel နှင့် Qualcomm အပါအဝင် အခြား ကုမ္ပဏီများသို့ ထုတ်ပေးထားသည့် လိုင်စင်ကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း၊ ယင်းသို့ လိုင်စင်ရုပ်သိမ်းခြင်းသည် ချက်ချင်းအသက်ဝင်မည်ဖြစ်ပြီး အမေရိကန်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနက လိုင်စင်ရုပ်သိမ်းရာတွင် ပါဝင်သည့်ကုမ္ပဏီများကို အတိအကျထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိခဲ့ကြောင်း၊ ဤသို့ Chip ပို့ကုန်လိုင်စင်ရုပ်သိမ်းခြင်းသည် ယခင်လအတွင်း Intel ထုတ် Core Ultra 9 Processor အမျိုးအစားသုံး AI-enabled laptop ဖြစ်သည့် MateBook X Pro ကို Huawei က ထုတ်ပြန်ကြေညာခဲ့ပြီး နောက်ပိုင်းတွင်ဖြစ်ကြောင်း၊ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထိုသို့လိုင်စင်ရုပ်သိမ်းခြင်းသည် ရီပတ်ဘလင်ကန်လွှတ်တော်အမတ်များ၏ စုပေါင်းဖိအားပေးမှုကြောင့်ဖြစ်ပြီး လွှတ်တော်တွင်လည်း Huawei ကို ပို၍ ပြင်းထန်သည့် အရေးယူမှုများပြုလုပ်ရန် သမ္မတဂျိုးဘိုင်ဒင်အစိုးရကို တိုက်တွန်းလျက်ရှိကြောင်း၊ ယခုကဲ့သို့ လိုင်စင်ရုပ်သိမ်းခြင်းဖြင့် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အထောက်အပံ့ဖြစ်စေပြီး အမေရိကန်နိုင်ငံသားများ၏ တီထွင်မှုကို ကာကွယ်နိုင်သကဲ့သို့ နည်းပညာအဆင့်မြှင့် တင်လိုသည့် တရုတ်ကွန်မြူနစ်ပါတီ၏ စွမ်းရည်ကို လျော့နည်းစေသည်ဟု ရီပတ်ဘလင်ကန် လွှတ်တော်အမတ် Ms. Elise Stefanik က ပြောကြားခဲ့ကြောင်း သိရပါ သည်။

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လိုင်စင်ရုပ်သိမ်းခြင်းသည် Huawei ကုမ္ပဏီကို ထိခိုက်စေသကဲ့သို့ ယင်းကုမ္ပဏီသို့ Chip ပို့ကုန်များတင်ပို့နေသည့် အမေရိကန် စီးပွားရေးလုပ်ငန်းများကိုလည်း ထိခိုက်စေကြောင်း၊ Intel ကုမ္ပဏီသည် ၎င်း၏ Traditional Data Center နှင့် PC Chips များကြောင့် ဝယ်လိုအားကျဆင်းလျက်ရှိပြီး ယခင်လ၏ စတော့ဈေးကွက်တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံ အရှုံးပေါ်ခဲ့ကြောင်း သိရပါသည်။

အမေရိကန်နိုင်ငံသားများအပေါ် စုံစမ်းထောက်လမ်းနိုင်မည်ကို စိုးရိမ်သဖြင့် ၂၀၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ကန့်သတ်ပိတ်ဆို့မှုစာရင်း၌ Huawei ကို ထည့်သွင်းခဲ့ပြီး ဤဆောင်ရွက်ချက်သည် တရုတ်နိုင်ငံ၏ စစ်တပ်အင်အားကို မြှင့်တင်နိုင်မည့်စွမ်းရည်ကို တစ်စိတ်တစ်ပိုင်း ကန့်သတ်ခြင်းဖြစ်ကြောင်း၊ ကန့်သတ်ပိတ်ဆို့မှုစာရင်း ထည့်သွင်းခြင်းဖြင့် Huawei သို့ ပစ္စည်းတင်ပို့လိုသည့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် တင်ပို့ခြင်းမပြုမီ ရရှိရန်ခက်ခဲသော အထူးလိုင်စင်ကို လျှောက်ထားရမည်ဖြစ်ကြောင်း၊ သို့ရာတွင် သမ္မတဒေါ်နယ်ထရမ့် လက်ထက်၌ Huawei သို့ နည်းပညာဆိုင်ရာကုန်ပစ္စည်းများ တင်ပို့မည့်ကုမ္ပဏီများကို အမေရိကန်ဒေါ်လာ ဘီလီယံချီသည့် လိုင်စင်များကို ခွင့်ပြုပေးခဲ့ပြီး ၎င်းခွင့်ပြုချက်အရ ၂၀၂၀ ပြည့်နှစ်မှစ၍ Intel က Central Processors များကို Huawei သို့တင်ပို့လျက်ရှိကြောင်း သိရပါသည်။

Qualcomm သည်လည်း ၂၀၂၀ ပြည့်နှစ်တွင် မိုဘိုင်းဖုန်း Handset ထုတ်လုပ်သူများကို 4G Chips ရောင်းချခွင့်လိုင်စင်ရရှိခဲ့ကြောင်း၊ ယခင်နှစ်မှစ၍  Qualcomm သည် Huawei သို့ 5G Technologies ရောင်းချခွင့်လိုင်စင်ရရှိထားပြီး ယင်းမှာ ကန့်သတ်ပိတ်ဆို့မှုကို ဖောက်ဖျက်ခြင်းဖြစ်သည်ဟု ဆန်းစစ်လေ့လာသူများကဆိုကြောင်း၊ ၂၀၂၅ ခုနှစ်တွင် Qualcomm ၏ Huawei နှင့် ချုပ်ဆိုထားသည့် မူပိုင်ခွင့်စာချုပ်မှာ သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်အသစ်အတွက် ဆွေးနွေးမှုစတင်လျက်ရှိပါကြောင်း၊ အမေရိကန်နိုင်ငံက ကန့်သတ်ပိတ်ဆို့ထားသော်လည်း Huawei ကုမ္ပဏီသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် Chip ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီ SMIC က ထုတ်လုပ်သည့် အဆင့်မြင့် Chip သုံး ဖုန်းအသစ်ကို ထုတ်ပြန်ကြောင်း၊ ယင်းထုတ်ပြန်ကြောင့် ကုမ္ပဏီ၏ ရောင်းအား (၆၄) ရာခိုင်နှုန်းမြင့်တက်စေခဲ့ကြောင်း သိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA