Vietnam

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီဈေးနှုန်းများမြင့်တက်လျက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီအဓိကစိုက်ပျိုးရာဒေသဖြစ်သည့် Central Highlands တွင် ဇွန်လ ၅ ရက်နေ့က ကော်ဖီစျေးနှုန်းများ သိသိသာသာမြင့်တက်လာခဲ့ပြီး ကော်ဖီစေ့ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၂၂,၀၀၀ မှ ၁၂၃,၅၀၀ (အမေရိကန်ဒေါ်လာ ၄.၈-၄.၈၆) ထိ ရှိကြောင်း Vn Express International အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

Dak Nong ပြည်နယ်တွင် အမြင့်ဆုံးဈေးမှာ တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၁၂၃,၅၀၀ ဖြစ်လာကြောင်း၊ ဒါလတ်ပြည်နယ်တွင် ကော်ဖီဈေးသည် တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၃,၀၀၀ မြင့်တက်ကာ ဗီယက်နမ်ဒေါင် ၁၂၃,၀၀၀ သို့ရောက်ရှိခဲ့ပြီး Gia Lai နှင့် Kon Tum ဒေသများတွင် အဆိုပါစျေးနှုန်းဖြင့် ဝယ်ယူလျက်ရှိကြောင်းဖော်ပြထားသည်။

ပြီးခဲ့သည့် နှစ်ပတ်အတွင်း အမေရိကန် ဒေါ်လာတန်ဖိုး ကျဆင်းမှုကြောင့် ကော်ဖီ အပါအဝင် ကုန်ပစ္စည်းများစွာ၏ ဈေးနှုန်းများ မြင့်တက်လာသည်။ လန်ဒန်ရှိ ရိုဘတ်စတာကော်ဖီ၏စျေးနှုန်းများသည် တစ်တန်လျှင် ၃၈၄၆ ဒေါ်လာမှ ၄၃၁၉ ဒေါ်လာအထိ သိသိသာသာ မြင့်တက်လာခဲ့သည်။ နယူးယောက်ရှိ အာရေးဘီးကားကော်ဖီ ဈေးနှုန်းများသည်လည်း မြင့်တက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ဘရာဇီးအပြင်၊ ကိုလံဘီယာ၊ ပီရူးနှင့် ဟွန်ဒူးရပ်စ်ကဲ့သို့သော နိုင်ငံများတွင် ကော်ဖီရိတ်သိမ်းရာသီချိန်ဖြစ်သော်လည်း ထုတ်လုပ်မှုသည် စျေးကွက်ဝယ်လိုအားထက် နည်းပါးနေသေးသဖြင့် ကော်ဖီစျေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း‌ ဖော်ပြထားပါသည်။

 

 

Source: VN Express International

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: Vietnam