USA

၂၀၂၄ ခုနှစ်၊ မေလတွင် အမေရိကန်နိုင်ငံအနေဖြင့် အလုပ်အကိုင် (၂၇၂,၀၀၀) ဖန်တီးနိုင်ခဲ့သော် လည်း အလုပ်အကိုင်ခန့်ထားမှုများတွင် စိန်ခေါ်မှုများရှိနေဆဲဖြစ်

Last Updated:

၂၀၂၄ ခုနှစ်၊ မေလတွင် အမေရိကန်နိုင်ငံအနေဖြင့် အလုပ်အကိုင် (၂၇၂,၀၀၀) ဖန်တီးနိုင်ခဲ့သော်လည်း အလုပ်အကိုင်ခန့်ထားမှုများတွင် စိန်ခေါ်မှုများရှိနေဆဲဖြစ်ကြောင်း  Wall Street Journal အွန်လိုင်းသတင်းတွင် ၇-၆-၂၀၂၄ ရက်၌ “Hiring Defied Expectations in May, With 272,000 New Jobs” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။   

အမေရိကန်အလုပ်သမားဝန်ကြီးဌာန၏ ၇-၆-၂၀၂၄ ရက် အလုပ်အကိုင်အစီရင်ခံစာအရ မေလ အတွင်း အလုပ်အကိုင်သစ်အရေအတွက် (၂၇၂,၀၀၀) အထိ တိုးလာခဲ့သည်ဟုသိရှိရပြီး ယင်းအရေအတွက်သည် ဧပြီလ၏ အလုပ်အကိုင်အရေအတွက် (၁၉၀,၀၀၀) နှင့် နှိုင်းယှဉ်ပါက တိုးလာခဲ့ကြောင်း၊ တစ်နာရီလုပ်အားခမှာလည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက (၄.၁) ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ အမေရိကန်အလုပ်သမားဝန်ကြီးဌာန၏ အလုပ်အကိုင်အစီရင်ခံစာပါ အဓိကအချက်တစ်ချက်မှာ ဧပြီလတွင် အလုပ်လက်မဲ့ရာခိုင်နှုန်း (၄) သို့ ရောက်ရှိခဲ့ပြီး ယင်းအလုပ်လက်မဲ့နှုန်းသည် (၂) နှစ်ကျော်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ လအလိုက် လုပ်ခလစာနှင့် အလုပ်လက်မဲ့နှုန်းမှာ မတူသည့် စစ်တမ်းနှစ်ခုမှရရှိသည့် အချက်အလက်များဖြစ်သဖြင့် အချက်အလက်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ဆီလျော်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ (၁၀)နှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်များ၏ အတိုးနှုန်းမှာ ၆-၆-၂၀၂၄ ရက်တွင် (၄.၃) ရာခိုင်နှုန်းမှ (၄.၄) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း၊ အစုရှယ်ယာ ဈေးကွက်မှာလည်း ငြိမ်သက်လျက်ရှိကြောင်း၊ အမေရိကန် ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကို ယခင်အတိုင်းဆက်လက်ထားရှိရန် (၄၀) ရာခိုင်နှုန်း သေချာသည်ဟု CME Group ၏ အချက်အလက်များအရ သိရှိရပါကြောင်း၊ အလုပ်အကိုင်အစီရင်ခံစာ ထုတ်ပြန်ပြီးနောက်တွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးကျဆင်းလာနိုင်သည်ဟု ခန့်မှန်းလျက်ရှိကြပြီး မကြာသေးမီက ထုတ်ပြန်ခဲ့သည့် လက်ကားပစ္စည်း ရောင်းအား၊ စားသုံးသူများ၏ ငွေကြေးသုံးစွဲမှု၊ ဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုစသည့် ညွှန်းကိန်းအားလုံးသည် ခန့်မှန်းချက်အောက် ကျဆင်းခဲ့ကြောင်း၊ အလုပ်သမား လိုအပ်ချက်မှာလည်း ကျဆင်းလျက်ရှိကြောင်း၊ အလုပ်သမားများ အလုပ်အကိုင်ဆုံးရှုံးခဲ့သော်လည်း အလုပ်လက်မဲ့အကျိုးခံစားခွင့်များကို လျှောက်ထားမှုနည်းလာကြောင်း သိရှိရပါသည်။

စီးပွားရေးနှေးကွေးလာခြင်းသည် ကောင်းမွန်သည့်လက္ခဏာတစ်ရပ် မဟုတ်ကြောင်း၊ အမေရိကန်ဗဟိုဘဏ်သည် ကာလတိုချေးငွေများကို နှစ်ပေါင်းနှစ်ဆယ်အတွင်း အမြင့်ဆုံး သတ်မှတ်ကာ ၎င်းတို့ရည်မှန်းထားသည့် ငွေကြေးဖောင်းပွမှုနှုန်း (၂) ရာခိုင်နှုန်းသို့ ကျဆင်းရန်ဆောင် ရွက်ခဲ့ကြောင်း၊ စီးပွားရေးပညာရှင်အများစုက ဗဟိုဘဏ်၏ ဆောင်ရွက်ချက်များကြောင့် စီးပွားရေး ပုံမှန်လည်ပတ်လာနိုင်မည်ဟု အကောင်းမြင်ခဲ့ကြသော်လည်း ယခုနှစ်မှစ၍ စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့ကြကြောင်း၊ ဗဟိုဘဏ်ကလည်း ယခင်နှစ်တွင် ငွေကြေးဖောင်းပွမှု လျော့ကျခဲ့ပြီး နောက်ပိုင်း ငွေကြေးဖောင်းပွမှုနှုန်းလျှော့ချရန်သာ အလေးထားဆောင်ရွက်လျက်ရှိကြကြောင်း၊ ထို့အပြင် ဗဟိုဘဏ်အရာရှိများအနေဖြင့် ၎င်းတို့မျှော်မှန်းထားသည့် ငွေကြေးဖောင်းပွမှုနှုန်းအတိုင်းရှိစေရန် အတိုးနှုန်းကို မျှော်မှန်းသည်ထက် အချိန်ကြာမြင့်စွာ ဆက်လက်ထိန်းထားရန် လိုအပ်သည်ဟု အစည်းအဝေးမှတ်တမ်းများအရ သိရှိရကြောင်း၊ ဗဟိုဘဏ်အနေဖြင့် တရားဝင်အတိုးနှုန်း လျှော့ချမည့် ပထမအကြိမ် ခန့်မှန်းချက်ကို မတ်လတွင် ပြုစုတင်ပြရမည်ဖြစ်ပြီး အနည်းစုကသာ တစ်နှစ်လျှင် (၃) ကြိမ် အတိုးနှုန်း လျှော့ချမည်ကို အတည်ပြုခဲ့ကြကြောင်း သိရှိရပါသည်။   

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA