Phillippines

ပြည်တွင်းဈေးကွက်တွင်းရောင်းလိုအားမြင့်တက်နေခြင်းမရှိစေရန် ကြက်သွန်နီတင်သွင်းခွင့်အား ဖိလစ်ပိုင်ခေတ္တရပ်ဆိုင်း

Last Updated:

ဖိလစ်ပိုင်နိုင်ငံတွင်း ကြက်သွန်နီရိတ်သိမ်းချိန်ကာလတွင်း အထွက်နှုန်းတိုးမြင့်နိုင်ကြောင်း ခန့်မှန်းချက်အရ နောက်လာမည့် (၆)လတာကာလအတွင်း ကြက်သွန်နီတင်သွင်းခြင်းကို ရပ်ဆိုင်းပေးရန် Philippines Chamber of Agriculture and Food Inc; (PCAFI) မှ ဖိလစ်ပိုင်စိုက်ပျိုးရေး ဝန်ကြီး ဌာနသို့ တိုက်တွန်းပြောကြားခဲ့ပါသည်။ PCAFI မှ ကြက်သွန်နီစိုက်ပျိုးသည့် ဒေသများမှ ၄၀% ခန့် အထွက်နှုန်းတိုးမြင့်နိုင်သည်ဟု ခန့်မှန်းထားပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း ပြည်တွင်းကြက်သွန်နီ ထွက်ရှိမှုပိုလျှံနိုင်သဖြင့် သင့်တင့်ကောင်းမွန်သောဈေးနှုန်းဖြင့်ဝယ်ယူရရှိနိုင်ပြီး ပြည်တွင်းကြက်သွန်နီ တောင်သူများအနေဖြင့်ပိုမိုစိုက်ပျိုးလိုသည့်အခြေအနေများဖြစ်ပေါ်နိုင်ပါကြောင်းဖော်ပြထားပါသည်။

Nueva Ecija ဒေသအစိုးရမှ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ အဆိုပါဒေသတွင်း ကြက်သွန်နီထွက်ရှိမှု ၄၀% မြင့်တက်လာပါကြောင်း၊ ယခင် ကြက်သွန်နီစိုက်ပျိုးလေ့မရှိသည့် အချို့ဒေသများဖြစ်သော Tarlac, Pampanga, Bataan နှင့် Zambales တို့တွင်ပင် ကြက်သွန်နီ စိုက်ပျိုးလျက်ရှိပါကြောင်း၊ ထို့အတွက် မိမိတို့အဖွဲ့အစည်းအနေဖြင့် ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီး Francisco P.Tiu Laurel Jr ထံသို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဇူလိုင်လအတွင်း ကြက်သွန်နီတင် သွင်းခြင်းအား ခေတ္တရပ်ဆိုင်းပေးပါရန် ယခုသတင်းပတ်အတွင်း တရားဝင်သွားရောက်တွေ့ဆုံ၍ မေ တ္တာရပ်ခံတင်ပြသွားမည် ဖြစ်ကြောင်း PCAFI မှ ပြောကြားခဲ့ပါသည်။

အကယ်၍ ကြက်သွန်နီတင်သွင်းခြင်းအားမရပ်ဆိုင်းခဲ့ပါက မိမိတို့အနေဖြင့် စိုက်ပျိုးရရှိသည့် ကြက်သွန်နီများအား လမ်းပေါ်သို့စွန့်ပစ်ရန်သာရှိကြောင်း၊ ဈေးကွက်တွင်းရှိ ကြက်သွန်နီလက်လီ ဈေးနှုန်းမှာ ယခုလအတွင်း သင့်တင့်သောဈေးနှုန်းဖြင့် ရှိနေပါကြောင်း၊ လွန်ခဲ့သော တစ်နှစ်ကျော်ခန့် ကဖိလစ်ပိုင်နိုင်ငံတွင်ဖြစ်ပွားခဲ့သောကြက်သွန်နီအကြပ်အတည်း ကြောင့် ထိခိုက်မှုများရှိခဲ့သော်လည်း အစိုးရမှ ပြည်တွင်းကြက်သွန်နီဖူလုံရေးအတွက် အချိန်မီတင်သွင်းပေးခဲ့ခြင်းကိုလည်း အလွန်ကျေးဇူး တင်လျက်ရှိပါကြောင်း၊သို့သော်ပြည်တွင်းကြက်သွန်နီလိုအပ်ချက်ပမာဏအားပြည့်မီခြင်းမရှိခဲ့ကြောင်းဖော်ပြပါရှိပါသည်။

Bueau of Plant and Industry(BPI) မှ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်က ကြက်သွန်နီတင်သွင်းမှု Red Onion နှင့် Yellow Onion တင်သွင်းမှုစုစုပေါင်းသည် မက်ထရစ်တန်ချိန် ၄၅,၀၀၀ ဖြစ်ပြီး ပြည်တွင်းကြက်သွန်နီလိုအပ်ချက်ထက် မက်ထရစ်တန်ချိန် ၅၀,၀၀၀ လျော့နည်းခဲ့သည်ကို သိရှိရပါကြောင်း၊ ထို့အတွက် ယခုကြက်သွန်နီအထွက်တိုးနှုန်းသည် အဆိုပါလိုအပ်ချက်အား ဖြည့်ဆည်းပေးသွားနိုင်ပြီး ဈေးနှုန်းလည်းတည်ငြိမ်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ မြို့တော်မနီလာဈေးကွက်ရှိ တင် သွင်းလာသည့် ကြက်သွန်နီ (imported onion) ဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို-၈၀ မှ ပီဆို-၁၆၀ ကြား (၄၅၀၀ ကျပ်မှ ၉၀၀၀ ကျပ်ကြား) ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ပထမ(၆)လပတ်ကာလအတွင်း  အထက်ဖော်ပြပါဒေသများမှ ကြက်သွန်နီ စိုက်ပျိုးရိတ်သိမ်းနိုင်မှုပမာဏပျမ်းမျှမက်ထရစ်တန် ၂၃၀,၀၀၀ ခန့်ရှိနိုင်ပြီး တစ်နိုင်ငံလုံးနှစ်စဉ် စိုက်ပျိုး ထုတ်လုပ်နိုင်မှု၏ ၉၀% ခန့်ရှိကြောင်း ဖော်ပြထားပါသည်။  

 

 

စီးပွားရေးသံမှူး၊ မနီလာမြို့

Category: Phillippines